လိပ်စာ

0
132

စာ ထည့်ချင်ရင် လိပ်စာသိမှ ဖြစ်မှာပေါ့။ တစ်မြို့မြို့မှာနေတဲ့သူကို သွားရှာချင်ရင်လည်း လိပ်စာသိမှ ဖြစ်မှာပေါ့။ ကျွန်တော့်မှာ တွေ့ချင် ပေမယ့် လိပ်စာမသိတော့ အများကြီး ဝမ်းနည်းပူဆွေးရပါတယ်။ ဘယ်လို ရှာရှာ ရှာလို့ရမှာ မဟုတ်လို့ပါ။ ကွယ် လွန်သွားရှာပြီဖြစ်တဲ့ အဖေနဲ့အမေ ဘယ်ဆီဘယ်ဝယ် ဘယ်ဘုံဘဝ ရောက်နေမှန်း မသိလို့ပါ။

အဖေအမေရဲ့ ဓာတ်ပုံရှေ့
တွေတွေငေးငေး ရပ်နေမိ
ဒုက္ခတရားက ခပ်ပါးပါး လှီးဖြတ်ထားစဉ်
ဟိုအရင်ကလို အဆိုးအကောင်း
အကျိုးအကြောင်းတို့ကို
ပြေးပြီးပြောပြ ရင်ဖွင့်ချင်ပေမယ့်
လိပ်စာမသိ။
(ကွယ်လွန်သွားသော မိဘနှစ်ပါးသို့)

ကွယ်လွန်သူကို ရှာလို့မတွေ့နိုင် ပေမယ့် လိပ်စာဆိုတဲ့ ကဗျာတစ်ပုဒ် နဲ့ ရှာဖြစ်ပါသေးတယ်။ အဖေနဲ့ အမေရဲ့ မွေးရပ်မြေက သီးပင်ရွာ (မကွေးခရိုင်၊ မြို့သစ်မြို့ အရှေ့ဘက် နှစ်မိုင်ခန့်)ဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်က အမေ နဲ့အဖေ့ရွာကို အလည်သွားကြပါ တယ်။ တောင်တွင်းကြီးက မနက် စောထွက်တဲ့ လော်ကယ်ရထားနဲ့ မြို့ သစ်ဘက်ကို စီးရပါတယ်။ မြို့လုလင် ဘူတာမှာ ဆင်းရပါတယ်။ အဲဒီက တစ်ဆင့် ချောင်းကိုဖြတ်ပြီး ပုတီး ကုန်း ရွာကို သွားရပါတယ်။ အဲဒီရွာ မှာ အမေ့ရဲ့မောင် ဦးစံရှိန်ရှိပါတယ်။ သူက ကျောင်းဆရာပါ။ အဲဒီမှာ နေ့လယ်ထမင်းစားနားနေပြီး ညနေ စောင်းမှာ ပုတီးကုန်းရွာကနေ သီးပင် ရွာကို လှည်းနဲ့သွားကြပါတယ်။

ရွာမှာ အဖေ့ဘက်ကတော်တဲ့ ညီအစ်ကိုညီအစ်မဝမ်းကွဲတွေ၊ အမေ့ ဘက်ကတော်တဲ့ ညီအစ်ကိုညီအစ်မ ဝမ်းကွဲတွေများတော့ ရွာမှာကစားကြ တာ အတော်ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ညီ ကတော့ နွားကျောင်းဝါသနာပါတော့ သူတို့နှစ်ယောက်က ကျွန်တော့်ထက် ပျော်ပါတယ်။

ကျွန်တော်ငယ်ငယ်က ရွာလိုက် သွားစဉ် အလှူနဲ့ကြုံရင် ဓာတ်စက် ဖွင့်တာနဲ့ ဆုံတတ်ပါတယ်။ အိမ်ကြမ်း ပြင်မှာ လဲလျောင်းအိပ်စက်ကြရင်း ဓာတ်ပြားနားထောင်ကြပါတယ်။ အမေနဲ့ အမေ့အစ်မတို့ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြရင် ကျွန်တော် က နားထောင်သမားပေါ့။
အမေတို့ရွာမှာ ထူးခြားချက် တစ်ခုလို့ ပြောရလေမလား။ အတွေ့ အကြုံတစ်ခုလို့ ပြောရလေမလား ကျွန်တော်မဝေခွဲတတ်ပါ။ အဲဒါက တော့ ရွာမှာ လူဝင်စားတွေ များနေ တာပါပဲ။ ”ဘယ်သူကတော့ ဘယ်သူ ဝင်စားတာလေ။ ဘယ်သူက ပြီးခဲ့တဲ့ ဘဝက ဘယ်သူလေ”အစရှိတဲ့စကား တွေကို အများကြီး ကြားရတတ်တာ ပါပဲ။

ကျွန်တော့်အမေကိုယ်တိုင် လူဝင်စားဖြစ်ခဲ့သတဲ့။ ကျွန်တော့် အမေကြီးလည်း ဝင်စားသတဲ့။ ကျွန်တော့်အမေကြီး ဝင်စားတဲ့အိမ်နဲ့ အမေ့အိမ်နဲ့က ရွာလမ်းပဲခြားထား တာပါ။ လမ်းရဲ့အရှေ့ဘက်အိမ်နဲ့ လမ်းရဲ့ အနောက်ဘက်အိမ်ပေါ့။ အနောက်ဘက်အိမ်က အမေ့အိမ် ဖြစ်ပြီး အရှေ့ဘက်အိမ်က အမေ့ အမေ လူဝင်စားဖြစ်တဲ့အိမ်ပေါ့။

အမေ့နာမည်က ဒေါ်တင်တင် ပါ။ အမေ့အမေဝင်စားတဲ့ ကလေး လေးက ထရံပေါက်ကချောင်းကြည့် ပြီး ‘တင်တင်’လို့ပြောသတဲ့။ နင်သိ လို့လားလို့မေးတော့ ငါ ‘ငွေနှင်း’ လေလို့ပြောသတဲ့။ ကျွန်တော့်အမေ ကြီး နာမည်က ဒေါ်ငွေနှင်းပါ။ အဲဒီ ကလေးလေးက ပြီးခဲ့တဲ့ဘဝက သူ့ အဝတ်အစားတွေကို အမှန်အတိုင်း ရွေးနိုင်သတဲ့။

ကျွန်တော့်အဖေ ဆုံးတော့ မကွေးမှာဖြစ်ပြီး အမေက သီးပင် ရွာမှာ ဆုံးခဲ့တာပါ။ ကျွန်တော်လည်း တောင်တွင်းကြီးကနေ ရန်ကုန်၊ ရန်ကုန်ကနေ မကွေး၊ မကွေးကနေ မန္တလေးဆိုပြီး ကျရာဘဝနဲ့ ရုန်း ကန်ရင်း နေရတော့ တောင်တွင်းကြီး ကိုရော၊ ရွာကိုရော မရောက်ဖြစ်တာ ကြာလှပါပြီ။ တောင်တွင်းကြီးမှာတော့ အစ်မဝမ်းကွဲတစ်ယောက်နဲ့ သူ့ မိသားစုရှိပြီး သီးပင်ရွာမှာတော့ အမျိုးတွေများပါတယ်။ ငယ်ဘဝက ရွာကိုရောက်ခဲ့တဲ့ ဖြစ်စဉ်လေးတွေကို သတိရတာတစ်ကြောင်း၊ တကယ် လို့များ အမေ လူ့ဘဝများရောက်ရင် တစ်ကြောင်း၊ နောက်ပြီး သူ့ဘဝကို မှတ်မိရင်တစ်ကြောင်း၊ အကြောင်း ကြောင်းတို့ကြောင့် ကျွန်တော့်ကိုတွေ့ ရင် သတိရနိုင်လိမ့်မယ်လို့ ဝိုးတဝါး တွေးမိပါရဲ့။ အဲဒါကြောင့် ကျွန်တော် ရွာ ကိုရောက်ရင် ကလေးလေး တစ်ယောက်ယောက် (အမေဝင်စား တဲ့ကလေး)က ‘ကျော်ကျော်’လို့ ခေါ် မလားလို့ ရင်ခုန်စွာ စဉ်းစားမိခဲ့ ပါတယ်။ အမေက ကျွန်တော့်ကို ‘ကျော်ကျော်’ လို့ ခေါ်ပါတယ်။ မဖြစ်နိုင်ပေမယ့် သားတစ်ယောက်ရဲ့ အမေရှာပုံတော် ကဗျာလေးကို ဒီလို တွေးပြီး ရေးလိုက်မိပါတယ်။

လိပ်စာ
ကျွန်တော့်အမေနာမည်က
ဒေါ်တင်တင်ပါ
ကျွန်တော့်အမေကြီး
(အမေ့အမေ)ဟာ
လူဝင်စားဖြစ်တဲ့အခါ
ကျွန်တော့်အမေကို
ထရံပေါက်က ချောင်းကြည့်သတဲ့။
ကလေးငယ်ငယ်လေးက
ဟောဟိုမှာ ‘တင်တင်’လို့ပြောသတဲ့။
အဲဒီလိုအမေ ကျွန်တော့်ကိုပြောခဲ့ရဲ့။
အမေ့ရဲ့အမေဘဝက
အင်္ကျီလုံချည်တွေကို ရွေးတတ်သတဲ့
အမေ့ကိုလည်း အရင်ဘဝက အခေါ်အတိုင်းခေါ်သတဲ့
အမေက ကျွန်တော့်ကို ကျော်ကျော်လို့ခေါ်တယ်
ကျွန်တော်
ရွာကို တစ်ခေါက်လောက်
ပြန်ချင်တယ်။
ကလေးလေးတစ်ယောက်ယောက်က
ဟောဟိုမှာ ကျော်ကျော်လို့
ခေါ်များ ခေါ်လိုက်လေမလားလို့ပါ။

မောင်ကြည်သာ (တောင်တွင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here