သမီးလေးကို အနုပညာရှင်ဖြစ်စေချင်ကြသလား အနဂ္ဂနဲ့ သံသာဝင်း

0
284

သမီးလေးမွေးဖွားပြီးတဲ့နောက်မှာ အနဂ္ဂနဲ့ သံသာဝင်းတို့ မောင်နှံက သမီးလေးအနားမှာပဲ အချိန်ပြည့်ရှိနေပေးဖြစ်နေပါတယ်။ သူတို့နှစ်ယောက် အတွက် သမီးဦးလေးဖြစ်တဲ့အတွက်လည်း နှစ်ယောက်သားက တုန်နေအောင် ချစ်ပြီး သမီးအတွက် လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိ နေကြပါတယ်။ အနဂ္ဂကလည်း အဆိုတော်ကြီး ဦးမင်းမင်းလတ်ရဲ့ မျိုးဆက်ဖြစ် သလို သံသာဝင်းကလည်း အဆိုတော်ကြီး နွဲ့ယဉ်ဝင်းရဲ့ မျိုးဆက်တစ်ဦးဖြစ် တာကြောင့် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့သမီးလေးကလည်း ဂီတအနုပညာရှင် ဖြစ်လာမလားဆိုတာ အားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။

”သူ့ဝါသနာရယ် သူဘာလုပ်ချင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ သွေးထဲမှာတော့ အနုပညာဗီဇက ပါကောင်းတော့ပါမယ်။ ကိုအနဂ္ဂကတော့ အနုပညာရှင်ဖြစ်တာကို သူကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူကလည်း မြူးဇစ်သမားဆိုတော့ သူကတော့ အနုပညာရှင်ဖြစ်စေချင်တဲ့ ဆန္ဒတော့ ရှိတယ်။ အစ်မကတော့ သူကဘာကို ရွေးချယ်မယ်မှန်း မသိသေးဘူးပေါ့။ သူ ဝါသနာပါတာကို ပံ့ပိုးပေးမယ်။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုပြီး အတင်းကြီးလည်း မပြောချင်ဘူး။ သူ့အမြင်လေးက ဘယ်လိုရှိမလဲ အဲ့ဒီအပေါ် မှာမှ ကိုယ်ကကောင်းတာဆိုရင် တွန်းအားပေးမယ်။ မကောင်းဘူးဆိုရင် မကောင်းဘူးဆိုတဲ့အကြောင်း ပြောပြပေးမယ်”လို့ သမီးဖြစ်သူကို ဖြစ်စေလိုမှုနဲ့ ပတ်သက်လို့ သံသာဝင်းက ပြောပြပါတယ်။ ဖခင်ဖြစ်သူ အနဂ္ဂကတော့ ကလေး ငယ်စဉ်ကတည်းက ပန်းချီသင်တန်းတွေ၊ စန္ဒရားသင်တန်းတွေ စတဲ့အနုပညာနဲ့ ပတ်သက်တာတွေကို သင်စေမှာဖြစ်တယ်လို့ သူ့ရဲ့ အစီအစဉ်ကိုပြောပြပါတယ်။

”သူလုပ်ချင်တာ မလုပ်ချင်တာ ကတော့ သူ့အပိုင်းပါပဲ။ အဓိက ကတော့ အနုပညာရှင် မိဘကမွေးကြတော့ကိုယ်တွေလိုပဲ တခြားလူတွေကလည်း မြင်ချင်မှာပဲ။ ကိုယ်တွေလည်း တခြားလူတွေ မွေးတဲ့အခါရောက်ရင်လည်း ဒီလိုမျိုးပဲ မြင်ချင်တာပဲလေ။ ဒါကတော့ မှားယွင်းတဲ့ အမြင်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ ဆန္ဒတော့ ကြည့်ရမယ်။ ဒီဘက်ခေတ်မှာဆိုရင်လည်း အားလုံးလည်း သိကြတဲ့အတိုင်းပဲ ကလေးတွေက အမြင်ကျယ်လာပြီ။ ကိုယ့်ဆုံး ဖြတ်ချက် ကိုယ်ရှိလာပြီဆိုတော့ သူတို့ဆုံးဖြတ်ချက်တွေကို အသက်ငယ်ငယ်လေး အတွင်းမှာ ကြားရမယ်ဆိုတာတော့ ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့ကတော့ သူတို့ ဆုံးဖြတ်ချက်တွေအတိုင်းပဲ ဘေးနားကနေ ဖေးမပြီးတော့ သွားချင်တဲ့ လမ်းကို ပို့ပေးရမှာပဲ”လို့ အနဂ္ဂက သမီးဖြစ်သူနဲ့ ပတ်သက်လို့ သူ့ရဲ့ ဖြစ်စေလိုမှု ကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here