ခုတင်ထက်မှာ
မရွှင်မျက်နှာနဲ့
အသက် ကပျာကယာရှူ
လူနာအရောင်အသွေးစုံတဲ့
ဆေးရုံပေါ်မှာ တွေးမိတာ။
တချို့လူနာ
နာကျင်လူးလိမ့်
သိမ့်သိမ့်လှိုက်ဖို
ရှိုက်ရှိုက်ငိုလို့။
တချို့လူနာ
သက်သာပျောက်ကင်း
ဆင်းဖို့ပြင်ပြီ
ရွှင်ကြည်လက်ပ
ကြွလို့ရွလို့။
တချို့လူနာ
ခုမှလာတက်
မျက်နှာငယ်စွာ
လူနာမေးသူ
ဖေးကူသူမဲ့။
တချို့လူနာ
ဧည့်စုံလာမေး
ပေးဖို့ယူလာ
ဓာတ်စာ ငွေကြေး
နွေးထွေးလှပ။
ကျုပ်လား
စားစား သွားသွား
နားနား နေနေ
ဘာဝနာ မြေမှာ
ဝေဒနာ မရသေး
သေရွာ ခဏဝေး
ဆေးရုံထက်မှာ ကဗျာသီလျက်။
(ဆရာမြင့်ဦးဦးမြင့်အတွက် ဆေးရုံစောင့်နေ့ရက်များသို့)
ရွှေညာခိုင်စိုး