တစ်ချိန်က သရုပ်ဆောင် အခုတော့ ဒါရိုက်တာအဖြစ်နဲ့ ရပ်တည်နေတဲ့ ဇာနည်

0
218

ဇာနည်က သရုပ်ဆောင်အလုပ်တွေကိုလည်း ရပ်နားထားလိုက်ပြီး ၁၂ နှစ်လောက် အနုပညာလောကနဲ့ အချိန်ကြာကြာ ဝေးကွာ ခဲ့ပါတယ်။ အခုတော့ ဒါရိုက်တာအနေနဲ့ ဒီလောကထဲမှာ ပြန်လည်အခြေချလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ ဒါရိုက်တာ အနေနဲ့ရပ်တည်ဖို့ ဇနီးဖြစ်သူ ကြည်လဲ့လဲ့ဦးရဲ့ ပံ့ပိုးမှုတွေလည်း ပါဝင်တယ်လို့ ဇာနည်ကဆိုပါတယ်။

”အစ်ကို သရုပ်ဆောင်အလုပ်ကို ရပ်နားလိုက်တာကြာပါပြီ။ အစ်ကို့ရဲ့ သားကြီးတစ်သက်ပါပဲ။ ၁၂ နှစ်ဝန်း ကျင်လောက်ရှိမယ်။ ဒီအချိန်အတွင်းမှာ လူကသာ နားလိုက်တာပါ။ အစ်ကိုတို့ အိမ်မှာက အစ်ကိုရယ်၊ အစ်မရယ်၊ ကလေးတွေပဲရှိတယ်။ ဒါကြောင့် အစ်ကို့အတွက် စကားပြော ဖော်ရော၊ သူငယ်ချင်းရောက အစ်ကို့ရဲ့ အမျိုးသမီးပါပဲ။ အိမ်မှာရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ဝတ္ထုတစ်ပုဒ်ဖတ်တာပဲဖြစ်ဖြစ် ကိုယ်ဆိုဒီနေရာမှာ ဘယ်လိုလေး ရိုက်လိုက်မယ်၊ ဘယ်လိုလေး လုပ်လိုက်မယ်ဆိုပြီးပြောတော့ မိန်းမက အစ်ကို့ကို မြှောက် ပေးတယ်။ အနုပညာပြန်လုပ်ပါလားဆိုပြီး ပြောပြောနေတာနဲ့ရယ်၊ အစ်ကိုလည်း လုပ်ချင်စိတ်ပြင်းပြလို့ပဲ ပြန်လုပ် ဖြစ်တာပါ” လို့ ဇာနည်ကပြောပြပါတယ်။

လက်ရှိအချိန်မှာလည်း ဇာနည်က ဒါရိုက်တာအဖြစ်နဲ့ ဇာတ်လမ်းတွဲ တစ်ခုကို ရိုက်ကူးပုံဖော်နေလျက်ရှိပါတယ်။ စာရေးဆရာများရဲ့ နာမည်ကြီးဝတ္ထုများကို ဇာတ်လမ်းတိုအဖြစ် ပြေဇင်နဲ့အတူ လတ်တလောမှာ ရိုက်ကူးဖြစ်နေမှုများအကြောင်းကိုလည်း ”အခု အစ်ကိုက ဇာတ်လမ်း တွဲတွေ ရိုက်ကူးနေတယ်။ ဇာတ်လမ်းတိုလေးတွေ အပိုင်းက ၂၄ ပိုင်း ပါဝင်တယ်။ အစ်ကိုနဲ့ ကိုပြေဇင် ရယ်ပေါင်းပြီး တစ်ယောက်တစ်ဝက် ရိုက်ကူးကြတယ်။ ‘သာဓုမျိုးဆက်’ ဆိုပြီးပေါ့နော်။ အခုတော့ အစ်ကိုတို့ ဦးသာဓု၊ ဦးသုမောင်၊ ဦးဝဏ္ဏ၊ ဦးမင်းလူတို့အကြောင်းက ပြီးသွားပြီ။ အခုတော့ နောက် ထပ်ရိုက်ကူးမယ့် အပိုင်းရှစ်ပိုင်းအတွက် အပြင်စာရေးဆရာတွေအကြောင်း ရိုက်ကူးမှာပါ။ ပုံစံလေးက အစ်ကိုတို့ စာရေးဆရာဆီသွားတယ်။ ရိုက်ကူးခွင့်တောင်းတယ်။ နောက်တော့ အရုပ်အနေနဲ့ ပြန် ပြောင်းပြီး ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်သွားတယ်။ နောက်ပြီး အဲဒီစာရေးဆရာနဲ့ ပြန်တွေ့တယ်။ အရုပ် ပြောင်းသွားတဲ့ပုံစံကို သူတို့ဆီက ကြိုက်ခြင်း၊ မကြိုက်ခြင်း ဝေဖန်သုံးသပ်ချက်ကို တစ်ခါတည်းချပြတယ်” လို့ ဇာနည်ကဆိုပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here