ကိုယ်တိုင်ရေး၊ ဖီးချားရင်းမပါ သီချင်း ၁ဝ ပုဒ်တည်း ခံစားရမယ့် ဝေလရဲ့အခွေသစ်

0
188

‘မိတ်ကပ်မကြိုက်သော သီချင်းများ’၊ ‘အဓိပတိဖွား’ စတဲ့ တေးစီးရီးခွေ ၂ ခွေမှာ ခေါင်းစဉ်တွေက ဆန်းသလို သီချင်းတွေကလည်း ခံစားမှုရသတွေအပြည့်ပါခဲ့လို့ ၂ ခွေ စလုံးပေါက်ခဲ့သူက အဆိုတော် ဝေလပါ။ အခုလည်း ဝေလက သူ့ရဲ့ တတိယအခွေကို ပရိသတ်တွေ နားဆင်ကြရတော့မှာပါ။ ဒီအခွေမှာလည်း နာမည်အဆန်းကြီးပေးထားတဲ့ ဝေလက ”၂ဝ၁၈နှစ်ဆန်းပိုင်းမှာတော့ ကျွန်တော့်အခွေ ‘အတုများတဲ့မြို့’ ဆိုတဲ့ နာမည်နဲ့ ကျွန်တော်အခွေ အသစ်ထွက်မယ်။ သီချင်း ၁ဝပုဒ် တည်းပါမယ်။ တစ်ခွေလုံးကိုတော့ ကျွန်တော်တစ်ယောက်တည်း ရေးထားတာပေါ့။ အဲဒါ လေးထွက်ဖို့ ရှိတယ်။

ပြီးတော့ ကျွန်တော်အတွဲခွေအနေနဲ့ဆိုရင်တော့ ကိုဂျီလတ်ရယ်၊ ကိုဟန်ထွန်း၊ ကိုသအို၊ ကျွန်တော် ၄ယောက်ပေါင်းပြီးတော့ ‘မူလလေးဖြာ’ဆိုတဲ့ အခွေလေးလည်း ထွက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ဝေလက ‘အတုများတဲ့မြို့’ အကြောင်းကိုလည်း ”ဒီအခွေ မှာဆိုရင်တော့ ထူးထူးခြားခြားအနေနဲ့ ကျွန်တော် မိဘမေတ္တာဖွဲ့ အကြောင်းဆိုထားတဲ့ သီချင်းလေးတစ်ပုဒ် ပါမယ်ပေါ့။ ဒီအခွေမှာတော့ ဖီးချားရင်းတော့ မပါဖြစ်ဘူး” လို့ဆိုပါတယ်။

အခွေ ၂ ခွေ ထွက်ပြီးတဲ့ အပြင် အခုဆို တတိယအခွေ ထွက်တော့မယ်။ သီချင်းတွေလည်းများ လာပြီဆိုတော့ ဘဝရဲ့ပထမဦးဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဘယ် တော့လောက်စီစဉ်ဖြစ်မလဲလို့ မေးတော့… ”ကျွန်တော်လည်း လုပ်ချင်ပါတယ်။ လုပ်ရင်တော့ သေသေချာချာလေးလည်းလုပ်ချင် တဲ့အတွက်ကြောင့် အချိန်တော့ယူနေတယ်။ အခွေထွက်ပြီး ၂ဝ၁၈ ခုနှစ်ထဲမှာတော့ လုပ်ဖို့ကြိုးစားရမှာပေါ့။ ကျွန်တော်လည်း တစ်ခါမှ မလုပ်ဖူးသေးတော့ ကိုယ့်ဘက်ကနေပြီးတော့ ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတဲ့ အရာတွေကို စဉ်းစားရင်းနဲ့ နည်းနည်းတွန့်နေ တာပေါ့(ရယ်လျက်)” လို့ ဝေလက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here