ထိုင်းမြန်မာရာဇဝင်ဇာတ်လမ်းတွဲမှာ နောင်တော်ကြီး မင်းနေရာကသရုပ်ဆောင်ထားတဲ့ ထွန်းကိုကို

0
604

ထိုင်း-မြန်မာ ရာဇဝင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “SRI AYODHAYA” မှာ ထိုင်းနိုင်ငံကအနုပညာရှင်များနဲ့အတူ သရုပ်ဆောင်ထွန်းကိုကိုလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အလောင်းဘုရားရဲ့သားတော် နောင်တော်ကြီးမင်းနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းကိုကိုက ”သွားဖြစ်တာကတော့ ထိုင်းနိုင်ငံမှာ သုံး၊ လေးရက်ပါပဲ။ Kachanaburi ဆိုတဲ့အရပ်မှာ သွားရိုက်ကြတာပါ။ ဘန်ကောက်မြို့ကနေတော့ ၃ နာရီလောက် ကားထပ်စီး ရသေးတယ်။ ဒီဇာတ်ကားလေးကတော့ ယိုးဒယားနဲ့ မြန်မာနဲ့ အရင်က ရာဇဝင်ပုံစံလေးကို ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားပါ။ ထုတ်လုပ်သူတွေရော၊ ဒါရိုက်တာရော ထိုင်းဘက်ကပါပဲ။ ပါဝင်တဲ့သရုပ်ဆောင်တွေလည်း ထိုင်းပဲ။ ဒါပေမဲ့ နောင်တော်ကြီးမင်းနေရာကတော့ မြန်မာဘက်ကထည့်ချင်တယ်ဆိုပြီး ကျွန်တော့်ကို လာကမ်း လှမ်းတာပါ။ ကျွန်တော်ကအေလာင်းဘုရားရဲ့သားတော် နောင်တော်ကြီးပေါ့။ ယိုးဒယားနဲ့ မြန်မာနဲ့က ရာဇဝင် ဆိုရင် မြန်မာဘက်ကို ချိုးနှိမ်ပြီးရိုက်တဲ့ဇာတ်ကားမျိုး မြန်မာဘက်ကိုမုန်းတီးသွားအောင်ရိုက်တဲ့ ဇာတ်ကား မျိုးဆိုရင် ကျွန်တော်လက်ခံရိုက်ကူးမှာ မဟုတ်ပါဘူး။ ဒီဇာတ်ကားမှာ မြန်မာက အယုဒ္ဓယကိုတိုက်တယ်။ ယိုးဒယားဘက်ကလည်း အင်းဝမြို့ဟောင်းကိုပြန်တိုက်တယ်။ မြန်မာနဲ့ ယိုးဒယားကိုမျှတအောင်ရိုက်တယ်။ ဒီကားလေးကြည့်ပြီးရင်မြန်မာကို အရင်ကလိုမျိုးမဟုတ်တော့ဘဲ အမြင်လေးပြောင်းစေချင်တဲ့ ရည်ရွယ် ချက်နဲ့ ချစ်ကြည်ရေးကိုဦတည်တဲ့ ဇာတ်လမ်းပါ။ ကျွန်တော်လည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရတာ ဝမ်းသာသလို ပညာလည်းရပါတယ်” လို့ ပြောပြပါတယ်။

ထွန်းကိုကိုက အနုပညာ အလုပ်တွေလုပ်ရင်း တစ်ဖက်မှာလည်း ပရဟိတလုပ်ငန်းများစွာမှာ ပါဝင် လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ ပရဟိတအလုပ်ကို နှစ်ခြိုက်တဲ့အတွက် မကောင်းပြောကြတာကို မလိုလားဘူးဆိုတဲ့ ထွန်းကိုကိုရဲ့ လတ်တလောလုပ်ဖြစ်နေတဲ့ပရဟိတအလုပ်တွေက”ပရဟိတလုပ်ငန်း တွေကို ကျွန်တော်တကယ်လည်း ဝါသနာပါတယ်။ တကယ်လည်း လုပ်ချင်တဲ့စိတ်ရှိတယ်။ အရင် ကတည်းကလည်း ပရဟိတအလုပ်တွေမှာဝိုင်းကူတယ် Facebook ကိုတော့ မတင်ချင်ဘူး။ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တယ်ဆိုပြီး ပြောကြတာမျိုးတွေရှိတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်က နှစ်နှစ်ကာကာ လုပ်တဲ့ အလုပ်ဖြစ်တဲ့အတွက် အဲဒီလိုမျိုးပြောကြတာကို သဘောမကျဘူး။ ဒါကြောင့် လုပ်လည်း မတင်ဖြစ် တာများတယ်။ နောက်ပိုင်းပြန်တင်ဖြစ်တာက ကိုယ်တင်လိုက်ရင် ပရဟိတစိတ်ရှိတဲ့ လုပ်ချင်ကြတဲ့လူတွေ အတုယူလို့ရအောင် Sharing လုပ်တဲ့အနေနဲ့ တင်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နာရေးကူညီမှုအသင်းမှာလုပ်တဲ့ ပရဟိတ မျိုးဆက်သစ်သင်တန်းမှာ ကူညီ ဖြစ်တယ်။ သိပ်ပြီးသိလို့တော့ မဟုတ်ပါဘူး ကိုယ့်ဘက်ကသိထားသမျှ၊ တတ်ထားသမျှလေးတွေကို ပြန်ပြီးသင်ပေးခဲ့တာပါ”လို့ ထွန်းကိုကိုက ပြောပြပါတယ်။

မြတ်မိုးပွင့် ၊

ဓါတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here