သဘင်ညီလာခံကို ဇန်နဝါရီလထဲတွင် ပြုလုပ်မည်ဟု သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းပြော

0
223

သဘင်အစည်းအရုံး(ဗဟို)မှ ဦးစီးကျင်းပမယ့် သဘင်ညီလာခံကို ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ သဘင် ညီလာခံကို တက်ရောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့မှာ ဖွဲ့စည်းပြီးခဲ့ပြီဖြစ်တဲ့ တိုင်းသဘင်အစည်းအရုံး၊ မြို့နယ် သဘင်အစည်းအရုံးများထံကိုလည်း သဘင်(ဗဟို)မှ အကြောင်းကြားစာများ ပေးပို့နေပြီဖြစ်ကြောင်းသိရပါတယ်။

”ညီလာခံ လုပ်ဖို့အတွက် ကြွေးကြော်ခဲ့တာ ဦးမိုးတို့ပေါ့။ ဒါပေမဲ့ အခုထက်ထိမလုပ်ရသေးဘူးလေ။ အဲဒါကလည်း ဘာကြောင့်လဲဆို တော့ ဦးမိုးတို့လုပ်ဖို့ ရွေးချယ်လိုက်တဲ့လတွေမှာ အဲဒီအချိန်တွေက ပွဲတွေဇာတ်တွေ တအားကလို့ကောင်းတဲ့ အချိန်တွေ ဖြစ်နေတယ်။ ဒီဇင်ဘာလကလည်း ဇာတ်ရာသီချိန် ဆိုင်းရာသီချိန်တွေဖြစ်နေတယ်။ ဒါပေမဲ့ ဇန်နဝါရီလထဲမှာတော့ မဖြစ်မနေလုပ်တော့မှာပါ”လို့ ညီလာခံနဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူးဦးမိုးဝင်းက ပြောပါတယ်။

ဇန်နဝါရီလထဲမှာတော့ ညီလာခံတစ်ရက်၊ သဘင်အစည်းအရုံး(ဗဟို) ရွေးကောက်ပွဲ တစ်ရက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ညီလာခံကိုလည်း သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးမိုးဝင်းအနေနဲ့ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ညီလာခံရဲ့ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့တယ်လို့ သူကပြောပါတယ်။

”ရုပ်ရှင်ရဲ့စည်းလုံးညီညွတ်စွာနဲ့ အဖုအထစ် မရှိဘဲနဲ့ လုပ်သွားတာဟာ အင်မတန်မှတော်တဲ့ အစည်းအရုံးတစ်ခုပါ။ ဥက္ကဋ္ဌနဲ့အမှုဆောင် အဖွဲ့များ၊ ရုပ်ရှင်လောကသားများ ဟာ အင်မတန်မှ ညီညွတ်သွားတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ဒီအတွက်လည်း ဦးမိုးတို့ ဂုဏ်ယူချီးကျုးပါတယ်။ ဦးမိုးတို့ အနေနဲ့ ညီလာခံမှာ တင်သွင်းသွားတဲ့ကိစ္စရပ်တွေ ရှိပါလိမ့်မယ်။ မဲခွဲဆုံးဖြတ်တာတွေလည်း ရှိပါလိမ့်မယ်။ သဘင့်ရဲ့ ကိစ္စတွေ မှာ ဥပဒေပြုရမယ့် အရေးတွေလည်း ဆွေးနွေးမှာဖြစ်ပါတယ်။ ရုပ်ရှင်လည်းဥပဒေပြုရေးကို ဆွေးနွေးနေတာကြာပြီလေ။ သူတို့လည်း ပြီးတော့မယ်။ ဦးမိုးတို့လည်း သဘင်ဥပဒေပေါ်ထွက်လာရေးက သဘင်ညီလာခံကြီးက ဆုံးဖြတ်မှာဖြစ်ပါတယ်” လို့ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here