စတိတ်စင်မြင့်ပေါ်ကို ဘီယာအရက် သောက်ပြီး ဘယ်တော့မှ တက်မကဘူး သဘင်မင်းသား ၀င်းနောင်

0
102

သဘင်မင်းသားဝင်းနောင်က ဒီဇင်ဘာလထဲမှာ သဘင်သက်တမ်း ၂၆ နှစ် ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ၂၆နှစ်ပြည့်အမှတ်တရအနေနဲ့ ပရိသတ်တွေကို ကံစမ်းမဲများဖွင့် ဖောက် ပေးခဲ့ပါတယ်။ သဘင်မင်းသားဝင်းနောင်ဟာ မန္တလေးမှာ ဗလာဇာတ် ကပြနေတဲ့ ဇာတ်မင်းသားတစ်ဦး ဖြစ်ကာ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဖြတ်သန်းခဲ့တဲ့ သဘင်သက်တမ်း ၂၆ နှစ်ကို ဘယ်လိုပြန်လည် သုံးသပ်မိလဲလို့ သူ့ကိုမေးတဲ့အခါ…

”ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အမြဲတမ်းသုံးသပ်တယ်။ ဘာကြောင့် ဒီလိုနေရာ ရောက်လာသလဲပေါ့။ ကျွန်တော့်မှာအိမ်ထောင်ရှိတယ်။ ကလေးရှိတယ်ပေါ့ နော်။ မင်းသားတွေ အိမ်ထောင်ကျသွားရင် ပရိသတ်လက်မခံတော့ဘူးပေါ့။ မန္တလေးမှာရှိတယ်။ မြန်မာပြည် တစ်ပြည်လုံးကို မဆိုလိုပါဘူး။ ကျွန်တော့်မှာ အိမ်ထောင်လည်းရှိတယ်။ ကလေးလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်ဘာကြောင့် ပွဲကနေရတာလဲ။ ဘာကြောင့် ပရိသတ် လက်ခံနေရတာလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တယ်။ ကျွန်တော်ဟာ အညံ့ဆုံးမင်းသားလို့တောင်ပြောလို့ရပါတယ်။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ ကျွန်တော်တို့က ဗုဒ္ဒဘာသာဖြစ်တဲ့အတွက် မေတ္တာတရားအရေးကြီးတယ်လေ။ ပရိသတ်တွေအပေါ်မှာထားတဲ့ စေတနာမေတ္တာ ပေါ့နော်။ ကိုယ်ပေးတဲ့ဇာတ်လမ်းဇာတ်ကွက်၊ ကိုယ်ပေးတဲ့ Message ကအစ မှန်နေရမယ်ပေါ့။ လက်ငါးချောင်းလုံး မလိုဘူး။ လက်သန်း တစ်ခုတည်းကို Focus ပြတ်နေဖို့ အရေးကြီးတယ်။ ပြီးတော့ ကိုယ့်အားနည်းချက်ကို ကိုယ်သိနေရမယ်။ ဇာတ်မင်းသားတွေမှာပေါ့။ ကိုယ့်အားနည်းချက်ကို ကိုယ်သိရင် ဒီအားနည်းချက်ကြီးကို ချပြနေလို့တော့မရဘူး။ ဦးနှောက်နဲ့ အလုပ်လုပ်ပြီးတော့ ပရိသတ်ကို မေတ္တာမှန်ဖို့ အရေးကြီးတယ်။ မန္တလေးမှာ ကျွန်တော့်ထက်ချောတဲ့ မင်းသားတွေရှိတယ်။ ငယ်တဲ့မင်းသားတွေလည်း အများကြီးရှိတယ်။ မန္တလေးမှာ ဇာတ်ဆရာ ခေါင်းဆောင် မင်းသားထဲမှာဆိုရင် ကျွန်တော် အသက်အကြီးဆုံးပေါ့။ ကျွန်တော်အသက်အကြီးဆုံး ဖြစ်နေပေမယ့် ဘာကြောင့်ဒီလိုရပ်တည်နိုင်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တော့ မေတ္တာတရားပေါ့။ ကတာချင်းလည်း တူတယ်။ ဆိုတာချင်းလည်း တူတယ်။ ဒါပေမဲ့ ပရိသတ်တွေအပေါ်မှာထားတဲ့ မေတ္တာတရားပေါ့။ ကျွန်တော် အရက်မသောက် ဘူး။ ကွမ်းမစားဘူး၊ ဆေးလိပ်မသောက်ဘူး။ ကျွန်တော် စတိတ်ပေါ်တက်ပြီဆိုရင် ဘီယာအရက် သောက်ပြီး ဘယ်တော့မှမတက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပရိသတ်ကိုလေးစားတာ။ ကျွန်တော့်ကိုယ့်ရေးကိုယ်တာကိစ္စတွေ ပြဿနာတွေ အများကြီးပဲ။ အဲဒီပြဿနာတွေက ပရိသတ်နဲ့မဆိုင်ဘူးလေ။ စတိတ်ပေါ်ရောက်ပြီဆိုရင် ကျွန်တော် ဘာမှမသိတော့ဘူး။ အဲဒီ့မေတ္တာတရားတွေက ကျွန်တော့်ကိုရောင်ပြန်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပရိသတ်ကလည်း ကျွန်တော့်ကို ယုံကြည်ထားတဲ့အတွက် ကျွန်တော်ကလည်း အဲဒီယုံကြည်မှုကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး။ အောင်မြင်နေတဲ့ မင်းသားတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှမခံယူဘူး။ ခံယူလို့လည်း မရဘူး။ ကျွန်တော်သဘင်သက်တမ်း ၂၆ နှစ်တာအထိ ရပ်တည်နိုင်တာ ဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တဲ့အခါ မေတ္တာတရားကြောင့်ဆိုတဲ့ အဖြေရတယ်” လို့ ကိုဝင်းနောင်ကပြောပါတယ်။ သဘင်မင်းသားဝင်းနောင်က ၂၆နှစ် တာကာလအတွင်းမှာလည်း ပရဟိတတွေကို စဉ်ဆက် မပြတ်လုပ်ဆောင်ခဲ့သလို နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here