Lazy Club တေးဂီတာဝိုင်းကို တရားဝင်ရပ်နားလိုက်ပြီဖြစ်ကြောင်း ကိုနိုင်ဇော်ပြော

0
214

ကိုနိုင်ဇော်တို့ရဲ့ နာမည်ကျော် တီးဝိုင်းဖြစ်တဲ့ Lazy Club ကတော့ တရားဝင်ရပ်နား လိုက်ပြီဖြစ်တယ်လို့ ဂစ်တာသမားတစ်ဦးဖြစ်သူ ကိုနိုင်ဇော်ကပြောပါတယ်။ ကိုနိုင်ဇော်တို့ ဘာကြောင့် Lazy Club ကိုရပ်နားလိုက်တာပါလဲ၊ သူတို့ အဖွဲ့သားတွေက ဘယ်တီးဝိုင်း တွေမှာသွားရောက်တီးခတ်ကြမှာလဲ စတဲ့အတွေးတွေက သူသူကိုယ်ကိုယ်ရှိကြမှာပါ။ Lazy Club တီးဝိုင်း ဘာကြောင့်ရပ်နားဖြစ်လိုက်တာလဲဆိုတော့…

”ကျွန်တော် Lazy Club နဲ့ မတီး တော့ဘူး။ ကျန်တဲ့သူတွေကလည်း Lazy Club အနေနဲ့ မတီးချင်တော့ဘူး ဆိုတဲ့အတွက် ကျွန်တော်တို့ Lazy Club ကို တရားဝင်ရပ်နားလိုက်တယ်။ ရပ်နား ပြီးတော့ ကျွန်တော် ‘သုခုမစက်ရုပ်’ဆိုပြီးတော့ ကျွန်တော့်လက်၊ ကျွန်တော့်ခြေနဲ့ အကောင်းဆုံးဖန်တီးနိုင်တဲ့ တီးဝိုင်းတစ်ခုကို ဖန်တီး တယ်။ အဲဒီလက်ရာကို အခုထွက်တဲ့ ကိုခင်မောင်တိုး သီချင်းတွေကို ပြန်လည်သီဆိုကြတဲ့အခွေမှာ ပရိသတ်ကို ပြသခွင့်ရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ အရင်တုန်းကလည်း အခွေတွေတော့ ထွက်ထားဖူးပါတယ်။ ဒါပေမဲ့ ဒီအခွေကတော့ နာမည်ကျော် အဆိုတော်တွေ အများကြီးပါတဲ့အတွက် ကျွန်တော်တို့ ‘သုခုမ စက်ရုပ်’ရဲ့ အကောင်းဆုံး လက်ရာတစ်ခုဖြစ်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ နောက်ထပ် အသစ်အသစ်တွေ လည်း ကျွန်တော်တို့ တီးခတ်ထားပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ ‘သုခုမစက်ရုပ်’ ကို နာမည်ကြီး တီးဝိုင်းတွေထဲပါလာဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်” လို့ ကိုနိုင်ဇော်ကပြောပါတယ်။ ၂ဝ၁၈ခုနှစ်ထဲမှာတော့ ‘သုခုမစက်ရုပ်’ နဲ့ တောက်လျှောက်အလုပ် တွေလုပ်ဖြစ်မှာဆိုတော့ စာရေးတဲ့အပိုင်းကို သိပ်မလုပ်ဖြစ်တော့ဘူး လို့လည်း ကိုနိုင်ဇော်က ပြောပါတယ်။ သို့သော် သူရေးထားတဲ့ စာအုပ် လေးတွေ ၃ လ တစ်ခါလောက် ထွက်ဖို့ရှိကြောင်းလည်း ကိုနိုင်ဇော်က ဆက်လက်ပြောပါတယ်။ သူ့ရဲ့ကလောင်အမည်ကိုလည်း နိုင်ဇော် (Lazy Club)လို့ပဲ ဆက်လက်ပေးထားပါတယ်လို့ပြောပြီး ကိုနိုင်ဇော်က..”ကျွန်တော့် စာအုပ်တွေ ထွက်ရှိထားပါတယ်။ ကျွန်တော်က ထုံးစံအတိုင်း ရယ်စရာတွေ၊ သရော်စာတွေ များတယ်ဗျ။ ကျွန်တော့် ကလောင်အမည်ကတော့ မပြောင်းပါဘူး။ Lazy Club ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နိုင်ဇော် (Lazy Club) လို့ပဲထားမှာ ပါ။ ဘာကြောင့်လဲဆိုတော့ Lazy Club ဆိုတာ ကျွန်တော့်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ပါ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here