အမေအကြောင်း၊ ဘဝအကြောင်း၊ အချစ် အကြောင်းတွေ ပါဝင်မယ့် သအို ရဲ့ တစ်ကိုယ်တော်အခွေ

0
267

သအိုက ဒီနှစ်ထဲမှာတော့ တစ်ကိုယ်တော်အခွေထွက်ဖို့ စီစဉ်နေပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တာ ၄နှစ်လောက်ရှိ ပြီလည်းဖြစ်ပါတယ်။ မကြာခင်မှာ ထွက်ရှိမယ့် တစ်ကိုယ်တော်အခွေ ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေဖြစ်သလို ရသအစုံပါဝင်ဖြစ်တယ်လို့သိရပါတယ်။”အခွေကမထွက်ဖြစ်တာ ၄နှစ်ကျော်သွားတယ်။ ဘာကြောင့်ကြားထဲမှာ ဟသွားတာလဲဆိုတော့ သီချင်းတွေ စုနေတာကြောင့်ပါ။ မကြိုက်ဘူးဆိုရင်လည်း ပြန်ဖြုတ်လိုက်နဲ့ပေါ့။ မကြိုက်မချင်း ပြန်လုပ်နေတာကြောင့်ပေါ့။ လောဘကြီး ပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အတွက် ကြာသွားရခြင်း ဖြစ်ပါတယ်”လို့ အခွေနဲ့ပတ်သက်လို့ သအိုကပြောပြပါတယ်။

ဒီအခွေထဲမှာ အမေအကြောင်းတွေ၊ ဘဝအကြောင်းတွေ၊ အချစ်အကြောင်းတွေပါဝင်မှာဖြစ်ပြီး အမေအကြောင်းဘဝအကြောင်း နဲ့ပတ်သက်လို့လည်း သအိုက “အမေအကြောင်းကကျ တော့ ထုံကြီးဆိုတဲ့ သထုံကကောင်လေး ရေးထားတာလေးပါ။ အမေအကြောင်းကို သူခံစားပြီးတော့ ရေးထားတာပါ။ ဘဝမှာ အမေဟာ ပင်ပန်းဆင်းရဲပြီးတော့ သားသမီးကို ကြည့်ရှု စောင့်ရှောက်တဲ့ပုံစံမျိုးလေးပေါ့။ တန်ပိုအမြန်လေးနဲ့ ရေးထားတဲ့ သီချင်းလေးပါ။ အဲဒီသီချင်းလေးက ကျွန်တော်ကိုယ်တိုင်လည်း အားရတဲ့သီချင်းလေးပါ။ ဘဝသီချင်းက ကျတော့ ရေပေါ်မှာအရုပ်ရေးသလိုပဲ ဘဝဆိုတာခဏပဲ။ တစ်ချိန်ချိန်မှာသေဆုံးကြရမယ့် အကြောင်းအရာတွေပေါ့။ ဘဝအကြောင်းတွေ၊ ဒဿနအကြောင်းတွေပါ”လို့ သီချင်းတွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။ သီချင်းတွေကစုရင်းစုရင်းနဲ့ နှစ်ခွေစာလောက်တောင်ဖြစ်နေပြီး ဒီသီချင်းတွေထဲကနေ အကြိုက်ဆုံးသီချင်းတွေကို ပရိသတ်တွေ လက်ထဲကို ချပြမယ်ဆိုပြီး အားခဲထားတာပဲဖြစ်ကြောင်း သူကပြောပြပါတယ်။ သအိုကတော့ သီချင်းတွေကို ဖန်တီးလုပ်ဖြစ်တဲ့အခါမှာ ကိုယ်ကြိုက်တာကို အရင်ဆုံးလုပ်လ့ရှိပြီး ကိုယ်အဆင်ပြေမှလည်း နား ထောင်တဲ့သူတွေအဆင်ပြေမှာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း အဆင်ပြေမယ့် သူလည်းအဆင်ပြေမယ့် သီချင်းမျိုးတွေကို အခွေအတွက်အဓိကထား ရွေးချယ်ဖြစ်တယ်လို့သိရပါတယ်။

“ထွက်ရှိခဲ့ပြီးသမျှသီချင်းခွေတွေထဲမှာတော့ ပရိသတ်တွေ ကြိုက်ရမယ်ဆိုပြီးတော့လိုမျိုးနဲ့ သီဆိုခဲ့တဲ့သီချင်းမျိုးတွေတော့ မရှိပါဘူး။ အတတ်နိုင်ဆုံး ကိုယ်တတ်သလောက် ပညာလေးနဲ့ ကိုယ်ဝမ်းစာရှိသလောက်လေးနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်သီဆိုခဲ့တဲ့ သီချင်းတွေချည်းပါပဲ”လို့ သအိုကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here