မျက်ဝန်းအနားသတ်တွေမှာ ယောက်ျားတန်မဲ့
အရည်တွေလဲ့နေရင်း
ဒီစာကို ငါ့ရဲ့သေတမ်းကဗျာအဖြစ်
သတ်မှတ်လိုက်တယ် သက်ထား။
လောကကြီးက ဆန်းကြယ်တယ် သက်ထား
ကိုယ့်မိသားစုတွေ၊ ကိုယ့်ရဲ့ သူငယ်ချင်းတွေ ပြီးတော့ မင်း
အဲဒီလူတွေကို ခွဲရမယ်ဆိုတဲ့ အသိစိတ်ဟာ
မသေခင်ကတည်းက သေသွားတဲ့ လူတစ်ယောက်လို
တကယ်ဆို ခေါင်းခဏခဏ ကိုက်တဲ့ ဝေဒနာကို
ဆရာဝန်ဆီ သွားမပြခဲ့သင့်ဘူး
ဆေးစစ်ချက်မှာ ဘရိန်းကျူမာဆိုတဲ့ အဖြေတွေ့တော့
ကိုယ်ရဲ့စိတ်မှာ မင်းနဲ့ခွဲရမယ်ဆိုတဲ့
အသိနဲ့တင် ရောဂါကို နှစ်နဲ့မြှောက် လိုက်သလိုပဲ။
စောင့်နေကျ ကော်ဖီဆိုင်လေးမှာ
ကိုယ်ဆက်ရှိနေမှာပါ သက်ထား
ဒီရုပ်နဲ့ မဟုတ်တော့ပေမယ့်
မင်းကိုလွမ်းတဲ့ နာမ်အပိုင်းအစတွေနဲ့ အတူ စောင့်နေမယ်
တွေ့နေကျ ညောင်ပင်အိုကြီးမှာ
ကိုယ့်ရဲ့ သရဲဘဝ ဗိမာန်လေးလုပ်ထားမယ်
ကိုယ့်ကိုလွမ်းလို့လာတဲ့အခါ
ကိုယ်လည်းမင်းကိုကြည့်ရင်း လွမ်းမယ်
လျှောက်နေကျ အိမ်ပြန်လမ်းတွေမှာ
အရင်လို ရသနဲ့ မဟုတ်ပေမယ့်
ကိုယ့်ရဲ့နာမ်အပိုင်းအစတွေနဲ့
ပျော်ပျော်ကြီး လိုက်ပို့ချင်သေးတယ်
ဘယ်လောက်ကြည်နူးစရာကောင်းတဲ့ ဒဏ်လဲ
ချစ်တဲ့လူတစ်ယောက်ကို မထိတွေ့ဘဲ အနီးဆုံးမှာထားပြီး
လွမ်းရတဲ့သောက ဘယ်လောက် ပျော်စရာကောင်းလဲ မင်းသေတဲ့တစ်နေ့မှာ
ကိုယ်တို့ဝိညာဉ်နှစ်ခု အတူတူ သာဓုခေါ်ကြတာပေါ့
သေဆုံးခြင်းရဲ့ အခြားတစ်ဖက်မှာ
ကိုယ်စောင့်နေတယ် သက်ထား . . . ။
ဟန်ထွဋ်ကျော်