သူငယ်ချင်းညီအစ်မဖြစ်တဲ့ ဒေါ်မာမာအေးအကြောင်း တေးသံရှင်ကြီးထား ပြောပြ

0
188

မြန်မာသံတေးသံရှင်ကြီး နှစ်ဦးဖြစ်တဲ့ တေးသံရှင်ကြီးထားနဲ့ ဒေါ်မာမာအေးတို့ နှစ်ဦးက ညီအစ်မအရင်းတွေလို ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ငယ်စဉ်က အတူတူနေထိုင်ခဲ့ကြတာဖြစ်တဲ့အတွက်လည်း သူတို့နှစ်ဦးကြားမှာ အမှတ်တရတွေ များစွာရှိနေပါတယ်လို့ ပြောပါတယ်။

”အမှတ်တရတွေကတော့ များတော့များတယ်။ ငယ်ငယ်ကတည်းက နှစ်ယောက်က အတူတူနေခဲ့ကြတာကိုး။ နောက် သီချင်းဆိုတော့လည်း အတူတူလေ။ မိဘတွေကလည်း ဂီတသမားတွေဆိုတော့ အမှတ်တရတွေရှိတယ်။ သူက အန်တီ့အပေါ်မှာ တကယ့်ညီမလို အမြဲတမ်းဆက်ဆံခဲ့တယ်။ သူက အန်တီ့ကိုလေးစားတယ်။ လေးစား တယ်ဆိုတာက တကယ်ဆို မာမာအေးတစ်ယောက် သိပ်ကိုနာမည်ကြီးပြီး လက်မထောင်နေတဲ့အချိန်မှာတောင် သူကအန်တီ့ဆိုရင် အမြဲတမ်းဦးစားပေးတယ်။ ရေသောက်ချင်တာကအစ၊ မမရေ သောက်ချင်လားရေခပ်ပေးတယ်။ အန်တီက ဦးစား ပေးခံခဲ့ရတယ်ပေါ့လေ။ အန်တီကလည်းသူ့ကို အမြဲတမ်းလေးလေးစားစားရှိတယ်။ သူက မာနရှိတယ်။ ဦးဆောင် တတ်တဲ့စိတ်ရှိတယ်။ အဲဒါကြောင့်သူ နိုင်ငံခြားမှာနေတာ တစ်ယောက်တည်းလေ။ သူမာနရှိလို့ပေါ့။ အန်တီဆိုရင် မနေနိုင်ဘူး။ အန်တီဘာလုပ်ချင်ချင် အမြဲတမ်းလုပ်ပေးတယ်။ အဲဒါ လေးကို သူ့ကိုကျေးဇူးတင်ရ တယ်” လို့ ဒေါ်မာမာအေးနဲ့ ပတ်သက်လို့ တေးသံရှင်ကြီး ထားက ပြော ပြပါတယ်။ တေးသံရှင်ကြီး ထားက အခုဆိုရင် အသက်၇၇ နှစ် ရှိပြီဖြစ်ပြီး တေးသံရှင်ကြီး ဒေါ်မာမာ အေးကတော့ ၇၅ နှစ်ရှိပြီ လည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here