သတင်းမေးသူ တစ်စုံတစ်ယောက်

0
124

စွန်တစ်ကောင် လေထဲပျံဝဲနေတာက အစ
မြက်ခင်းပေါ် လိပ်ပြာလေး လမ်း လျှောက်နေတာ အဆုံး
တမေ့တမော လိုက်ငေးကြည့်ရင်း
ရန်ကုန် ဘယ်မှာလဲ မေးမိတယ်။

အထပ်မြင့် တိုက်ကြီးတွေဟာ ရန်ကုန်လား
ကားတွေကျပ်နေတဲ့ လမ်းတွေဟာ ရန်ကုန်လား
ဘတ်စ်ကား လက်တန်းကို မြဲမြဲကိုင်ရင်း
ရန်ကုန် ဘယ်မှာလဲ မေးမိတယ်။

ချွေးနဲ့စပြီး ချွေးနဲ့ ပြန်ဆုံးရတဲ့ ဘဝတွေပါ
သွေးတစ်စက်စက်ကျပြမှ လူရာဝင်နိုင်မှာတဲ့လား
ကိုယ့်အလံကိုယ် မထူမတ်နိုင်သေးရင်တောင်မှ
သူများလွှင့်ထားတဲ့ အလံတလူလူကို
ကြည့်ရဲအောင် ကြည့်ရမယ်

လမ်းတွေဟာ ထာဝရတည်မြဲနေမယ်လို့ မယုံဘူး
ရန်ကုန် ဘယ်မှာလဲ မေးမိတယ်။

ရန်ကုန်ဟာ မက်နေရင်း လန့်နိုးသွားတဲ့ အိပ်မက်
ရန်ကုန်ဟာ ဆိုနေရင်း အသံဝင်သွားတဲ့ သီချင်း
ရန်ကုန်ဟာ ပြေးနေရင်း လမ်းချော်သွားတဲ့ ရထား
လမ်းဘေး လက်ဖက်ရည်ဆိုင်ထဲ ဝင်ရှာမိတယ်
လမ်းဘေးထမင်းဆိုင်ထဲ လိုက်ရှာမိတယ်
လမ်းဘေးစင်တာကြီးတွေထဲ တက်ရှာမိတယ်
ရန်ကုန်ဟာ ပုန်းကွယ်နေတဲ့ နတ်သမီးပဲ။

ရောက်နေဆဲအရပ်မှာ ရပ်နေလို့ မဖြစ်ဘူးတဲ့
နတ်သမီးလေးက အိပ်မက်သေးသေးလေးပေးတယ်
ရန်ကုန် ဘယ်မှာလဲမေးရင်း လန့်နိုးလာခဲ့ပြီ
ရန်ကုန် ဘယ်မှာလဲ ။

ရတုသစ်


LEAVE A REPLY

Please enter your comment!
Please enter your name here