ဆောင်းအိမ်မက်(၅)

0
197

ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ဟာ တစ် ယောက်နဲ့တစ်ယောက် တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ရင်းရင်းနှီးနှီးနေချင် လား။ ဆုံးဖြတ်စရာတစ်ခုပဲရှိတယ်။

“ရည်းစားစကား မပြောပါနဲ့”
သူငယ်ချင်းအဖြစ် ခင်ခင်မင်မင် နေနေကြချိန်မှာ သိပ်ပျော်ဖို့ကောင်း ပါတယ်။ သူ့ကို ကိုယ်ကအားကိုး၊ ကိုယ့်ကိုသူက ပြန်အားကိုးနဲ့ မျှတ လှပါတယ်။ ဒါကိုမှ

“သူကတော့ အားကိုးလောက် တဲ့သူ”လို့ ဆုံးဖြတ်ပြီး ရည်းစားစကား စပြောပြီး မိန်းကလေးက အဖြေပြန် ပေးပြီဆိုတာနဲ့ ပြဿနာက စတော့ တာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အချိန်ကစပြီး အရင်လို အားကိုးစရာ လူမဟုတ်တော့ဘဲ ကိုယ်ပိုင်ပစ္စည်း လို့ပဲ သဘောထားလိုက်ကြတော့ တာမို့လို့ပါ။

သူငယ်ချင်းဘဝက အားသာ ကိုးတာနော်။ ကျန်တာက ခွေးစား စား၊ ကျီးထိုးထိုး ဒီအတိုင်း ကြည့်နေ တာ။ အဲ ချစ်သူဖြစ်သွားရင်တော့ မရတော့ဘူး။ အားကိုးတာမဟုတ် တော့ဘဲ ချုပ်ချယ်တာကစပြီ။

“ဟိုဟာမလုပ်နဲ့။ ဒီလိုမနေနဲ့။ ဘယ်သူနဲ့မပေါင်းနဲ့”
စသည်ဖြင့် ချုပ်ချယ်မှုတွေ ရှိလာပါပြီ။ အဲဒီအခါ သူငယ်ချင်း ဘဝလို တစ်ယောက်ကိုတစ်ယောက် မလွတ်လပ်တော့ဘဲ သံသယအမြင် နဲ့ ကြည့်တတ်လာကြပါတယ်။ ဒီ တော့ ပြဿနာက စတော့တာပါပဲ။ ဒါမျိုးပြဿနာတွေကို မိန်းကလေး ဘက်ကစတာ များပါတယ်။ ဟုတ်ပါ လိမ့်မယ်။ တချို့ကလည်း ပြောကြ တယ်။ “မိန်းကလေးတွေဟာ သဝန် တိုစိတ် ပိုများသတဲ့”

ဘာလို့ဒီလိုဖြစ်သလဲပြောပြပါ့ မယ်။ ယောက်ျားနဲ့ မိန်းကလေးမှာ ယောက်ျားလေးက ‘စ’ချစ်သတဲ့။ မိန်းကလေးက ‘ဆက်’ချစ်သတဲ့။ ဒီတော့ ရည်းစားစကားပြောရင် ယောက်ျားလေးတွေကပဲ စပြောကြ ပြီ။ အသေအချာစဉ်းစားပြီး အဖြေ ပေးခဲ့တဲ့ မိန်းကလေးက ‘ဆက်ချစ်’ သတဲ့။

“စချစ်တဲ့ယောက်ျားလေးတွေ က သူတို့ချစ်တဲ့ မိန်းကလေးဆီက အဖြေရသွားပြီးသွားရင် ကျန်တာ တွေ မေ့မေ့ပျောက်ပျောက်နေတတ် ကြပါတယ်။ ဒါပေမဲ့ ဆက်ချစ်တဲ့ မိန်းကလေးတွေက ဒီလိုမဟုတ်ပါ ဘူး။ အရာရာကိုတိုးပြီး၊ တိုးပြီး မြင် တဲ့အခါ ကြာလာတော့ သံသယစိတ် ဆိုတာ အလိုလိုဖြစ်လာပါတော့တယ်။ ဒီတော့ ပြဿနာစပါပြီ။ စချစ်ခံတဲ့ ယောက်ျားလေးတွေက မိန်းကလေး တွေဆီက အဖြေရရင် အရင်လိုအချိုး အတိုင်းပဲ မေ့မေ့ပျောက်ပျောက်နေ တတ်လေ၊ ဆက်ချစ်တဲ့မိန်းကလေး ကပိုပြီး အချစ်ကြီးလာလေဖြစ်တဲ့ အခါ အလိုလိုနေရင်း ပြဿနာဖြစ်ဖို့ လမ်းစတွေ ဖြစ်လာပါတော့တယ်။

ဒီတော့ ‘ဒီလင်ဒီမယား အို အောင်မင်းအောင် ပေါင်းဖို့’ ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။
မြန်မာလူမျိုးတွေက တစ်လင် တစ်မယားစနစ်ကိုပဲ အားကိုးတဲ့အ ခါ ကိုယ်ယူထားတဲ့ ကိုယ့်အိမ်ထောင် ဖက်ကို စိတ်ညစ်ညစ်နဲ့ ဆက်လက် ပေါင်းသင်း နေထိုင်နေရပါတော့ တယ်။ ဒီမှာ ပြောပြပါရစေ။ အများကို ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော် မြင်ဖူးသမျှ လင်မယားထဲမှာ ကျွန်တော့်အဖေနဲ့အမေဟာ ရန်ဖြစ် အနည်းဆုံးပါပဲ။ မှတ်မှတ်ရရ သူတို့ နှစ်ယောက် အိမ်ထောင်ပြုပြီး တစ်ကြိမ်တည်းသာ ရန်ဖြစ်ဖူးပါ တယ်။ ဒါပေမဲ့ အဲဒီရန်ပွဲဟာ နှစ် ငါးဆယ်ကျော် ကြာပါတယ်။ သူတို့ အိမ်ထောင်သက်ကလည်း နှစ်ငါး ဆယ်ကျော်ပါပဲ။

ရာဇာဓိရာဇ်နဲ့၊ အင်းဝမင်းခေါင် တို့ရဲ့ မွန်မြန်မာစစ်ပွဲထက်ကိုတောင် နှစ်အနည်းငယ် ပိုပါတယ်။ ကမ္ဘာမှာ တော့ အချစ်ကို Seven Year Old လို့ သတ်မှတ်ကြပါတယ်။ အချစ်တစ် ခု၊ အခိုင်မြဲဆုံး၊ တစ်ယောက်ကို တစ်ယောက် အချစ်နိုင်ဆုံး၊ အကြာ ဆုံးအချိန်ဟာ ခုနစ်နှစ်ပဲရှိပါသတဲ့။ အဲဒီခုနစ်နှစ်ကျော်လွန်တဲ့အခါ လင် မယားအတော်များများဟာ သူငယ် ချင်း၊ သားချင်း၊ မိသားစုသံယောဇဉ်ပဲ ရှိတတ်ကြပါတော့တယ်တဲ့။ ကျန်တဲ့ ကိလေသာစိတ် ဘာညာတစ်ယောက် ပေါ်တစ်ယောက် ကုန်ခန်းသွားတတ် ကြပါတယ်။ ဒါကြောင့် သူတို့တစ်တွေ ရဲ့ အိမ်ထောင်ရေးဟာ ခုနစ်နှစ်ထက် ပိုရှည်လျားတာ ရှားပါတယ်။ အင် မတန်ဖွံ့ဖြိုးတိုးတက်တဲ့ အမေရိကား လို နိုင်ငံမျိုးမှာ ပိုဆိုးပါတယ်။ အခြေခံလူတွေ မဆိုထားနဲ့၊ ရုပ်ရည် အင်မတန် ချောမောလှပကြတဲ့ ဟောလိဝုဒ်စုံတွဲတွေတောင် ခုနစ်နှစ် ကျော် ပေါင်းသင်းကြတဲ့စုံတွဲ အင် မတန်မှကို ရှားပါးကြပါတယ်။ ဆိုပါ တော့ ကျွန်တော်တို့ဆီမှာ အိမ် ထောင်ပြုတာက …

“ဒီလင်၊ ဒီမယား အိုအောင်၊ မင်းအောင် ပေါင်းရပါစေပေါ့”
သူတို့ဆီမှာတော့

“အိမ်ထောင်ရက်သား ကျကြပါ စေ”

ဒါကြောင့် ခုနစ်နှစ်ထက်ပိုတဲ့ သံယောဇဉ်လိုချင်ရင်တော့ တစ်ခုပဲ ရှိပါတယ်။

“ချစ်တဲ့အကြောင်း မပြောမိစေ နဲ့”

” မေတ္တာဖြင့်သာ နေထိုင်ပါပေါ့”

အချစ်စိတ်နဲ့ မေတ္တာက ဘာ ကွာသလဲဆိုရင် အချစ်စိတ်က ‘ဝိုင်’ အကောင်းစားနဲ့ တူသတဲ့။ ချိုရီရီနဲ့ မူးယဉ်ယဉ်လေးပေါ့။

အဲ… အများကြီးသောက်မိရင်တော့ သူ လည်း ပေါက်ကွဲတာတို့၊ ရူးသွား တာမျိုး ဖြစ်တတ်တာပေါ့။
မေတ္တာက ‘ရေ’နဲ့ တူပါသတဲ့။

‘ရေ’ကဘာအရသာမှ မရှိဘူး။ ဒါပေမဲ့ ဘယ်သူနဲ့မဆို သင့်တော်ပါ ပေတယ်။ အခုလည်း ကျွန်တော် ဒီစာကို ရေလေးသောက်ရင်း ရေး လိုက်ရပါတယ်။

လေးစားစွာ ကြိုးစားလျက်
အကြည်တော်


LEAVE A REPLY

Please enter your comment!
Please enter your name here