Idiots One Band Show မှာ ပရိသတ်တွေ ပါဝင်လို့ရမယ့် အစီအစဉ်တွေရှိတယ် ရေမွန်

0
190

လူငယ်အများစုရဲ့ ကြိုက်နှစ်သက်မှုကို ရရှိထားတဲ့ အဆိုတော်ရေမွန် (Idiots) က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်မယ့် သူတို့ရဲ့ ၁၃ နှစ်ပြည့် One Band Show အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ”ဖေဖော်ဝါရီ မှာ ကျင်းပမယ့်ပွဲအတွက် ကျွန်တော်တို့ သီချင်းတွေ တိုက်နေတယ်။ အစကတော့ ကျွန်တော်တို့ ဇန်နဝါရီမှာ လုပ်ဖို့ စဉ်းစားထားတာပါ။ အခွေထွက် တဲ့အမှတ်တရနဲ့ band စဖွဲ့တာ ကလည်း ဇန်နဝါရီလထဲမှာဆိုတော့ ဇန်နဝါရီမှာ လုပ်မလို့ပဲ။ ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဖေဖော်ဝါရီလထဲကိုရွှေ့ လိုက်ရတယ်။ ပွဲအတွက်လည်း အစွမ်းကုန် ပြင်ဆင်နေတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလထဲမှာ ကျင်းပပြုလုပ်မယ့် ၁၃ နှစ်ပြည့် One band Show မှာ သူ့ကို အားပေးတဲ့ Fan တွေအတွက် ထူးထူးခြားခြားလေး ပြင်ဆင်ထားတာနဲ့ ပတ်သက်ပြီးတော့လည်း ”ကျွန်တော့်ပွဲကို လာအားပေးတဲ့ ကျွန်တော့်ပရိသတ် တွေအတွက် တင်ဆက်မှု ပုံစံကို အဓိကပြင်ဆင်ပေးထားပါတယ်။ တစ်ခါလာလည်း ဒါပဲဆိုတာကို မဖြစ်စေချင်ဘူး။ ပရိသတ်တွေအတွက် အစွမ်းကုန်ပြင်ဆင်ထားတယ်။ Feature Artists တွေလည်း ခေါ်မယ်။ Guitarist တွေ ပြီးတော့ Miniorchestra တွေ ခေါ်ဖို့ အစီစဉ်ရှိတယ်။ ပြီးတော့ မြန်မာသံစဉ် တီးဝိုင်းတွေခေါ်ပြီး ရောတီးဖို့ရှိတယ်။ ပြီးတော့ Fan တွေထဲကလည်း ကျွန်တော်တို့သီချင်းကို ကာဗာပြန်တီးဖို့ စီစဉ်ထားတယ်။ ပရိသတ်တွေကိုယ်တိုင် ပါဝင်လို့ရမယ့် အစီအစဉ်တွေရှိတယ်”လို့ ရေမွန်က ပြောပါတယ်။

လူငယ်အဆိုတော် ရေမွန်ရဲ့ ဖက်ရှင်ဟာ လွတ်လွတ်လပ်လပ် Free Style အတိုင်း အဝတ်အစား ဝတ်ရတာကို ကြိုက်နှစ်သက်သလို တက်တူးထိုးတာကို အလွန်ဝါသနာပါတယ်လို့ အခုလို ဆိုပါတယ်။ ရေမွန်က ”ကျွန်တော် တက်တူး ထိုးရတာ ဝါသနာပါတယ်။ ဖက်ရှင်တစ်ခုပေါ့။ အခုလည်း ကျွန်တော့် ခန္ဓာကိုယ်မှာ တက်တူးတွေက ဟိုနေရာတစ်ပုံ၊ ဒီနေရာတစ်ပုံဖြစ်နေတယ်။ ပြန့်ကျဲနေတာပဲ။ ကျွန်တော် အဲဒါတွေကို အကုန်ဖျက်ပြီး တက်တူးတွေကို ခန္ဓာကိုယ် တစ်ကိုယ်လုံးနဲ့ လည်ပင်းတွေအထိပါ ထိုးဖို့ အစီစဉ်ရှိတယ်” လို့ ရေမွန်က ပြောပါတယ်။

အဆိုတော်ရေမွန်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၁၃ နှစ်ပြည့် One Band Show အတွက် ပြင်ဆင်နေပြီး အဲဒီပွဲမှာလည်း သီချင်းအပုဒ် ၃ဝ ကျော် သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here