မင်းသားလို ကပြရတာက ကျွန်တော့်ဘဝမှာ အားအနည်းဆုံး အနုပညာ ဖျော်ဖြေမှုပါလို့ဆိုသူ ကျော်ကျော်ဗို

0
213

ကျော်ကျော်ဗိုပါဝင်တဲ့ နှင်းဆီအဖွဲ့သားများက ရခိုင်ဒေသ ပြန်လည်ဖွံ့ဖြိုးရေးရန်ပုံငွေ အတွက် ကျင်းပပြုလုပ်တဲ့ နှင်းဆီနယ်နိမိတ် အငြိမ့်ဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂ဝ ရက်နေ့တို့က အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေခဲ့ကြပါတယ်။ နှင်းဆီအဖွဲ့သားများက အလှူအတန်းအတွက်သာ အငြိမ့်များ ကလာတာဖြစ်ပြီး အခုလည်း နိုင်ငံအတွက် လိုအပ် တဲ့ တစ်ထောင့်တစ်နေရာမှာလှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာရကြောင်းကို ကျော်ကျော်ဗို က . . .

”ကျွန်တော်တို့ နှင်းဆီ တောက်လျှောက်ကလာတာ အလှူအတန်းအတွက်ပဲ တောက် လျှောက်ကလာတာပါ။ ဒီအနုပညာကို စီးပွားရေးတစ်ခုအနေနဲ့ ကတာမဟုတ်ဘူး။ ကျွန်တော်တို့ စကကတည်းက အမျိုးသမီးရေးရာတို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရန်ပုံ ငွေတို့၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ လူမှုကယ်ဆယ်ရေးအတွက် စတာတွေ ကျွန်တော် တို့ အဲဒီလို ကခဲ့ကြတယ်။ အခုလည်းကျွန်တော်တို့ ရခိုင်ဒေသအတွက်ပြန်လည်ပြီးတော့ ထူထောင်ဖို့က အားတွေလိုသေးတယ်ဗျ။ အဲဒီအားတွေအတွက် ကျွန်တော်တို့က အလှူ အတန်းလုပ်ချင်လို့ ကျွန်တော်တို့ ကပြခဲ့တာပါ။ ပရိသတ်လည်း ကုသိုလ်လည်းရ ကျွန်တော် တို့နိုင်ငံအတွက်လည်း လိုအပ်တဲ့ တစ်ထောင့်တစ်နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကျွန်တော်တို့ ပြုလုပ်ခဲ့တာပါ။ ဝမ်းသာဂုဏ်ယူမိပါတယ်” လို့ပြောပါတယ်။ ဒီပွဲက ၂ဝ၁၈ ခုနှစ်အတွက် ပထမဆုံး ကပြတဲ့ပွဲဖြစ်ပြီး ပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့ရတဲ့အတွက် ပျော်ရွှင်ရကြောင်းကိုလည်း ကျော်ကျော်ဗိုက ”ကျွန်တော်တို့ ပွဲမကဖြစ်တာကလည်း ရှေ့မှာ ၂ နှစ်လောက် ဖြစ်သွားတော့ ပရိသတ်တွေအနေနဲ့လည်း သူတို့လည်းကြည့်ချင်မယ်။ ကျွန်တော်တို့လည်း ကချင်တယ်။၂ဝ၁၈ ခုနှစ်အတွက် ပထမဆုံး ပြန်ကဖြစ်တဲ့ပွဲပေါ့နော်။ အလှူအတန်းလေးလည်း တစ်ခုလုပ်ချင်တာနဲ့ ကဖြစ်တာပေါ့နော်။ ပရိသတ်တွေ ကြည့်ရှု ရတာလည်းပျော်မှာပါ။ ကျွန်တော်တို့လည်းပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စင်ပေါ် စင်အောက်မတွေ့ရတဲ့ ပရိသတ်တွေ အတော်ကြာသွားပြီဆိုတော့ ကျွန်တော်တို့ပြန်တွေ့ရတဲ့ အချိန်မှာ တအားပျော်ပါတယ်။ အဲဒီအပျော်တွေအပြင် ကျွန်တော်တို့ရဲ့ တင်ဆက်မှု အပျော်တွေကိုပါ ထပ်ပေါင်းလိုက်တော့ ပိုပျော်ရတာပေါ့” လို့ထပ်မံပြောပြခဲ့ပါတယ်။

ကျော်ကျော်ဗိုက သဘင်မျိုးရိုးအနုပညာမျိုးရိုးထဲက ဆင်းသက်လာတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်တဲ့အတွက် နှင်းဆီအငြိမ့်မှာ လူရွှင်တော်အဖြစ်ပါဝင်နေရသလို မင်းသားလို ကပြဖျော်ဖြေမှုတွေရော မြင်တွေ့ရဦးမလားလို့ မေးတဲ့အခါတော့ …

”ကျွန်တော်က မင်းသားလို ကပြရတာ ကျွန်တော့်ဘဝမှာ အားအနည်းဆုံး အနုပညာ ဖျော်ဖြေမှုဗျ။ အဲဒီလိုဆိုတော့ မင်းသားလို ကပြလို့ကတော့ အဆင်မပြေဘူးခင်ဗျ။ ကျွန်တော် အဲဒီပိုင်းမှာအားနည်းတယ်လေ။ အဓိက ဘာဖြစ်လဲဆိုတော့ ကျွန်တော် အဲဒီလို မင်းသားဝတ်စုံနဲ့ ကပြတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတာလေ။ အဲဒီတော့ အဲဒီဥစ္စာကြီးကို ကျွန်တော်ဖျောက်ဖို့က တော်တော်ခက်တယ်ဗျ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ ဥစ္စာကြီးကိုလေ။ ကြိုးစားကြည့်ရင်တော့ ရမှာပေါ့လေ။ ဒါပေမဲ့ 80 percent လောက်ကတော့ Confident မရှိဘူးဗျ” လို့ ကျော်ကျော်ဗိုက မင်းသားအက နဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို အခုလို ပြောပြခဲ့တာဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here