Wooden DIY Products များ ဖန်တီးထုတ်လုပ်နေတဲ့ သရုပ်ဆောင်ကောင်းခန့်

0
149

သရုပ်ဆောင်ကောင်းခန့်က ဇန်နဝါရီလ ၂ဝ ရက်နေ့က Sule Square မှာကျင်းပခဲ့တဲ့ Artisans Handmade And Craft လက်မှု အနုပညာမှာပြပွဲမှာ သူကိုယ်တိုင်ဖန်တီးထားတဲ့ Wooden DIY Products များကို ဝင်ရောက်ပြသ ခဲ့ပါတယ်။ကောင်းခန့်ဝင်ရောက်ပြသခဲ့တဲ့ လက်မှုပစ္စည်းများကတော့ … ”ဒီမှာတော့ ဘုရားစင်လေးပါမယ်။ စားပွဲတင်မီးအိမ်လေးတွေပါမယ်။ နောက်ဖုန်းတင်တဲ့ဟာလေးတွေပါမယ်။ နောက်ဘီယာတင်တဲ့ စတန်းလေး တွေပါမယ်။ နောက်ကျွန်တော်လုပ်ထားတဲ့ ကြက်ဥစင်လေးတွေပါတယ်။အဲဒီလိုမျိုးပေါ့နော်။ အမျိုးအစားကတော့ ၁၅ မျိုးလောက်တော့ရှိတယ်။ အဓိကကတော့ သစ်သားကို ဦးစားပေးလုပ်တာများတယ်။ သစ်သားထဲမှာမှ တချို့ဆို သံသုံးတယ်၊ ဝါးသုံးတယ်”လို့ ပြောပြပါတယ်။ ဒီလက်မှုပညာကို သူလေ့လာခဲ့တာအချိန်ကြာခဲ့ပြီဖြစ်ပြီး အခုလိုလက်မှုပညာကို ဝါသနာပါလာရ ခြင်းကတော့ သူ့ရဲ့သမီးလေးကို အရုပ်များ၊ စုဘူးများပြုလုပ်ပေးရင်းကနေ ဝါသနာပါပြီး ဆက်လုပ်ဖြစ်သွားခဲ့တာဖြစ်တယ်။ ဒီအလုပ်ကို ကော်မာရှယ် တစ်ခုအနေနဲ့ တစိုက်စိုက်မတ်မတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကောင်း ခန့်က ပြောပါတယ်။

”ဒါလုပ်တာ အတွက်လေ့လာတာတွေတော့ကြာပါပြီ။ ကျွန်တော်ကလေ ဒါလေးတွေလုပ်ဖို့အတွက်ကျ နဂိုကတည်းကလည်း ရင်းနှီးပြီးသားလိုဖြစ် နေတယ်။ နောက်ကျွန်တော်တို့နယ်ဘက်မှာ အဆောက်အအုံတွေ သွား ဆောက်လုပ်တဲ့အခါမှာ တစ်ခါတလေကျရင် ကျွန်တော်တို့က ဒီလိုကိရိယာတွေ သုံးတာကိုး။ နောက်ကျွန်တော် အင်တာနက်ကလေ့လာတယ်။ စက်တွေ အသုံးပြုပုံတွေလေ့လာတယ်။ စက်အသေးဆုံးကိုဘယ်လောက်သုံးလို့ရတယ် ဆိုတာမျိုးလေးတွေပါ ကျွန်တော်လေ့လာတယ်။ တကယ်လုပ်ဖြစ်တာကတော့ သမီးလေးမွေးပြီးမှပေါ့နော်။ သမီးလေးအတွက် အရုပ်တွေလုပ်ပေးလိုက် သူ့ အတွက်စုဘူးလေးတွေလုပ်ပေးရင်းကနေ ဝါသနာပါလာတာပေါ့နော်။ စုဘူးလေး လုပ်ချင်တော့ ကိုယ်ဘယ်လိုပုံစံလုပ်ရမလဲဆိုပြီး အင်တာနက်မှာရှာတယ်။ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ဘာသစ်နဲ့လုပ်ရင်ကောင်းမလဲ စုဘူးကို အရှင်လုပ် မလား အသေလုပ်မလား ဒါတွေကိုလုပ်ရင်းနဲ့မှလုပ်ဖြစ်သွားတာပေါ့နော်။ ဒီDIY့ လေးတွေနဲ့ ပတ်သက်ရင်တော့ ရှေ့ဆက်ဒါလေးကို ကျွန်တော်တို့ ကော်မာရှယ်အဖြစ် တစိုက်စိုက်မတ်မတ်လုပ်သွားမှာပါ။ဟိုတယ်စားသောက် ဆိုင်လုပ်ငန်းတွေလည်း အဆင်ပြေအောင် သူတို့အတွက်လည်း ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင်လုပ်သွားမယ်”လို့ သူကထပ်မံပြောပြပါတယ်။ ဒီ့ပြင် သူ့အနေနဲ့ ဒီလက်မှုပညာနဲ့ပတ်သက်လို့ သိချင်တတ်ချင်တဲ့သူများကိုလည်း သင်ကြားပြသပေးသွားမှာဖြစ်ကြောင်းကို ကောင်းခန့်က…

”ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူငယ်တွေသင်ချင်တယ်ဆိုလို့ရှိရင် လည်း ကျွန်တော်က Sharing လုပ်ပါ့မယ်။ ကျွန်တော့်ဆီလာခဲ့ပါ။ ကျွန်တော် တို့ဘယ်လိုလုပ်ရတယ်ဆိုတာကို ပြောပြမယ်ကိုယ်လုပ်ချင်တာကို ကျွန်တော်တို့ ဆီကနေလုပ်သွားပါ။ ဒါနဲ့ပတ်သက်ပြီးကတော့ ကျွန်တော်မှမဟုတ်ပါ။တခြားတတ်တဲ့ သူတွေကလည်း ပြောပြပေးသွားမှာပါ။ ဒီအလုပ်ကို တကယ်တတ်သွားပြီဆိုရင်သူ့ဟာနဲ့ သူအိမ်မှာ တစ်နိုင်တစ်ပိုင်လုပ်လို့ရတယ် လေ။ ဘာပဲပြောပြောဆန္ဒရှိတယ် ဆိုရင် ကျွန်တော်တို့နဲ့ပူးပေါင်း လို့ရပါတယ်”လို့ ဝါသနာပါတဲ့ လူငယ်တွေကို ဒီလက်မှုပညာနဲ့ ပတ်သက်ပြီး လက်ဆင့်ကမ်းဝေမျှ ပေးသွားဖြစ်ကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here