သမီးရဲ့အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အရည်အချင်းတွေကဘာတွေလဲ ဒေါ်မာလာခင်(စိုးပြည့်သဇင်ရဲ့မိခင်)

0
261

သရုပ်ဆောင် အကယ်ဒမီစိုးပြည့်သဇင်က အခုဆိုရင်အသက် ၂၅ နှစ်ကျော်အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအရွယ်ထိလည်း သူမမှာ ချစ်သူရည်း စားရှိတယ်လို့လည်းမကြားမိတာအမှန်ပါ။ သူမရဲ့ အခုအသက်အရွယ်အရဆိုရင် ပုံမှန်အားဖြင့် ချစ်သူရည်းစားရှိပြီး အိမ်ထောင်တစ်ခုကို ထူထောင်လိုက် ကြတဲ့သူတွေရှိကြပါတယ်။သူမ ကိုယ်တိုင်က အချစ်ကိုမရှာဖွေသလို အိမ်ထောင်ပြုဖို့ကိုလည်း မစဉ်းစားသေးဘူးလို့သိရပါတယ်။ သူမရဲ့မိခင်ဖြစ်တဲ့ ဒေါ်မာ လာခင်ကရော သမီးလေးကို ဘယ်လိုလူမျိုးနဲ့ ဘဝတစ်ခုထူထောင်ပေးစေချင်လဲ။ သမီးလေးရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မိခင်တစ်ယောက်အနေနဲ့ သူဘယ်လိုစီစဉ်ထားလဲဆိုတာကို စိုးပြည့်သဇင်ရဲ့ မေမေဒေါ်မာလာခင်က အခုလိုပြောပြပါတယ်။

”မိခင်ဆိုတာကတော့ သူ့ကို ကောင်းတာပဲ ဖြစ်စေချင်တာပေါ့နော်။ သူ့ကိုသိပ်ပြီးတော့ ချူပ်ချယ်တာတော့မရှိပါဘူး။သူသဘောကျတဲ့ဟာကိုပဲ ကိုယ်က စဉ်းစားပေးရမှာ ပေါ့နော်။ ခုချိန်ထိတော့ သူကမစဉ်းစားသေးတော့ ကိုယ်ကလည်းမစဉ်းစားသေးဘူး။ ဖြစ်ရင်တော့ အကောင်းဆုံးပဲဖြစ်စေချင်တာပေါ့နော်။ ကိုယ်ကစီစဉ်ပေးတာမျိုးတော့ရှိမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဖူးစာပါရင် သူဟာသူပဲတွေ့မှာပေါ့နော်။ ငယ်ငယ်ကတည်းက ကိုယ်တွေရဲ့ ဆရာတွေက ပြောခဲ့တာကို ဟိုးနိုင်ငံခြားမှာနေလည်း ဖူးစာပါရင် သူ့အလိုလိုရောက်လာတယ်လို့ပြောကြတယ်လေ။အဲဒီလို ဆိုတော့ သူဖူးစာပါတဲ့အချိန် သူ့အလိုလို တွေ့သွားမှာ။ အဲဒီလိုပဲ စဉ်းစားထားတယ်။ အန်တီတို့လည်း ဒီလိုပဲ မမျှော်လင့်ဘဲတွေ့ကြတာပဲလေ။ သတ်မှတ်ထားတဲ့ အရည်အချင်းတွေကမရှိဘူးလို့တော့ မဟုတ်ဘူးပေါ့နော်။ကောင်းတာချည်းပဲတော့ ဖြစ်စေချင်တာပေါ့နော်။ အဓိကကတော့ အကျင့်စာရိတ္တပေါ့။အိမ်ထောင်တစ်ခုပြု လိုက်ပြီဆိုရင် ရိုးမြေကျပေါင်းနိုင်တဲ့ အိမ်ထောင်ဖက်မျိုးပေါ့နော်။ သူကလည်းသဘောကျ အဲဒီလိုမျိုးကို တော့ကြည့်ပေးရမှာပေါ့။ အိမ်ထောင်တစ်ခုတည်မြဲဖို့ပဲအရေးကြီးပါတယ်”လို့ ဒေါ်မာလာခင်က ပြောပြပါတယ်။ စိုးပြည့်သဇင်ရဲ့ မိဘများဖြစ်ကြတဲ့ ဦးစိုးနိုင်နဲ့ ဒေါ်မာလာခင်တို့ဟာဆိုရင် ရုပ်ရှင်မင်းသမီးဖြစ်တဲ့ သမီးလေး စိုးပြည့်သဇင်ကို အနုပညာဘက်မှာ ထူးချွန်အောင်ပံပိုးနိုင်ခဲ့ကြသလို ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ရိုင်းစိုင်းမှုတွေမရှိအောင် သမီးလေးနာမည်ပျက်မရှိအောင် ယဉ်ကျေးလိမ္မာတဲ့ သမီးမိန်းကလေးတစ်ယောက်ဖြစ်အောင်၊ သွန်သင်ဆုံးမပေးတတ်ခဲ့တဲ့ မိဘများပဲဖြစ်ကြပါတယ်။ ဒီသမီးလေးက မိဘစကားနားထောင်တဲ့ သမီးလေးဖြစ်ပြီး သူ့ကြောင့် မိဘတွေမျက်နှာငယ်ခဲ့ရတာမျိုးတွေမရှိခဲ့ကြောင်းကို မိခင်ဒေါ်မာလာခင်က …

”သူကလိမ္မာပါတယ်။မိဘကိုလုပ်ကျွေးရတာကိုလည်း သူကတအားဝမ်းသာတယ်။သူက မိဘကိုလည်း ဘယ်တော့မှ မျက်နှာပျက်အောင်ဘယ်တော့မှ မလုပ်ဘူး။ သူ့အတွက်နဲ့ ကိုယ် မျက်နှာငယ်ခဲ့ရတာမျိုးတွေမရှိဘူးပေါ့နော်။ နာမည်နဲ့ပတ်သက်ပြီးပြောတာပေါ့နော်။ မျက်နှာငယ်ခဲ့ရတာမျိုးတွေမရှိဘူး။ ဒီသမီးလေးရထားတာ ကံကောင်းပါတယ်။ သူ့ဘဝမှာ အစစအရာရာပြည့်ပြည့်စုံစုံနဲ့နေစေချင်တယ်။ နောက်တစ်ခုက တရားလေးတွေလုပ်ဖို့ပေါ့ ဒီဘဝတင်မကဘဲ နောင်ဘဝအတွက်ရော ကောင်းတာလေးတွေပါသွားစေချင်တယ်။ သမီးကိုအားပေးနေတဲ့ ပရိသတ်တွေကို အန်တီကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာတယ်။သမီးကိုချစ်တဲ့ ပရိသတ်တွေကို အန်တီကလည်း ချစ်တာပါပဲ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here