ကလေးတစ်ဖက်နဲ့ဆိုတော့ အလုပ်လုပ်တဲ့နေရာမှာ တစ်ခါတလေ လစ်ဟင်းမှုတွေရှိတယ် ဆုပန်ထွာ

0
164

သရုပ်ဆောင်ဆုပန်ထွာက တစ်ဖက်မှာ မိသားစုအတွက် အချိန်ပေးနေရသလို တစ်ဖက်မှာ လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သားတစ် ယောက်ရဲ့ မိခင်ဖြစ်သွားချိန်မှာ တစ်ခါတလေ အလုပ်လုပ်ကိုင်တဲ့နေရာမှာ လစ်ဟင်းမှု တွေဖြစ်ခဲ့ရတယ်လို့ ဆုပန်ထွာကဆိုပါတယ်။

အပျိုဘဝက ဆုပန်ထွာနဲ့ ကလေးအမေ ဆုပန်ထွာဖြစ်သွားတဲ့ အချိန်မှာပြောင်းလဲကွာခြား သွားမှုတွေ အကြောင်းကိုတော့ ”ကလေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေလုပ်ကိုင်တဲ့အချိန်မှာ တစ်ခါ တလေကျရင် လစ်ဟင်းတာမျိုးလေးတွေရှိတယ်။ ကိုယ်က အခုအချိန်မှာ အမေတစ်ယောက်ဖြစ် သွားတော့လည်း အပျိုတုန်းကထက်စာရင် ပိုပြီးပင်ပန်းတာပေါ့။ နောက်ပြီး သားက မပန်ကို တအားကပ်တယ်။ သတိတော့ထားရတာပေါ့။ တစ်ခါတလေ ကိုယ်က ကားမောင်းနေတဲ့ အချိန်ရောက်ရင် သားသားက ကပ်ချင်တယ်။ ဒါမျိုးဆိုရင် သူ့ရဲ့အလိုကိုတော့လိုက်လို့ မရဘူးပေါ့။ သားကအခု တစ်နှစ်နဲ့ လေးလထဲကိုလည်း ရောက်နေပြီ။ အရင်က ဆုပန်ထွာနဲ့ အခုဆုပန်ထွာကလည်း ကွာခြားမှုတွေ တအားများသွားပြီ။ အရင်က ဆိုရှုတင်မှာ ရိုက်ကူးနေရင် အေးဆေးပဲ။ အခုဆိုရှုတင်မှာဆိုရင် ဇာတ်ကားရိုက်ကူး တာပြီးတော့မှာလားဆိုပြီး သားကို သတိရတယ်။ အိမ်ပြန်ချင်တယ်။ ရှုတင်မှာ လည်း စိတ်က Roar Roar ဆီကိုပဲ ရောက်နေတာပါ။ ဒါကလည်း ကိုယ့်အလုပ် ကို ပြီးအောင် မလုပ်ချင်လို့ဆိုတာမျိုးမဟုတ်ဘဲ မိခင်စိတ်လို့ပဲ မပန်ထင်ပါတယ်” လို့ ဆုပန်ထွာက ပြောပြပါတယ်။

အနုပညာလှုပ်ရှားမှုအပိုင်းမှာတော့ လက်ရှိ အချိန်မှာလည်း ”မနေ့ကဖြစ်သည်-၂” ဇာတ်လမ်းတွဲမှာ ဒေါ်သီတာ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆုပန်ထွာက ဆိုပါတယ်။ အနုပညာလောကထဲ ဝင်ရောက် လာခဲ့တာလည်း အချိန်အတိုင်းအတာတစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဇာတ်ကား ရိုက်ကူးဖို့က ကမ်းလှမ်းမှုတွေမှာလည်း ချောမွေ့လာပြီဆိုတဲ့ ဆုပန်ထွာရဲ့ရိုက်ကူးရေး အတွေ့အကြုံက ”မပန်ကို လာငှားတဲ့ ဇာတ်ရုပ်လေးမှာ အကောင်းဆုံးဖြစ်အောင်ပဲ အမြဲ ကြိုးစားပါတယ်။ အစ်မကို လာငှားကြတယ်ဆို ကတည်းကလည်း အစ်မနဲ့ လိုက်ဖက်လို့ အစ်မကိုရွေးပြီး ကမ်းလှမ်းတယ်လို့ ခံယူတယ်။ မပန်က ၁၉၉၉ ခုနှစ် ကတည်းက ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တာပါ။ ဒါကြောင့် မပန် အနုပညာ အလုပ်တွေလုပ်ခဲ့တာကြာခဲ့ပါပြီ။ ဒါကြောင့် မပန်ကို လာကမ်းလှမ်းရင်လည်း မပန်နဲ့ လိုက်တာမျိုးတွေပဲများပါတယ်။ အခုမပန်ရိုက်နေတဲ့ ”မနေ့ကဖြစ်သည်-၂” မှာ လည်း သူဌေးမကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်။ မပန်တို့က လူ ကောင်လည်း နည်းနည်းသေးတဲ့အထဲမှာပါတော့ ကာရိုက်တာအတွက် ဘယ်လိုပဲ ဝတ်ဝတ် အဆင်ပြေနေပါသေးတယ်။ အနုပညာကို ကိုယ်ကြိုးစားချင်သလိုလေးလည်း ကြိုးစားနိုင်သေးတယ်လို့ထင်ပါတယ်” လို့ သူက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here