စီးပွားရေးကျပ်တည်းတဲ့အတွက် တချို့ ပွဲတွေမှာပရိသတ် ရုံဝင်နည်းတာတွေ ရှိတယ် သဘင်မင်းသား ဇံဟိန်း

0
161

စိန်မဟာသဘင်မှ ဇံဟိန်းတို့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုဝဏ္ဏမြို့ဦးစေတီမှာ ကပြသွားမှာဖြစ်ပါ တယ်။ ဒါ့အပြင် မတ်လထဲမှာလည်း ပွဲတောက်လျှောက်ကပြရမှာဖြစ်ပြီး ဧပြီလကုန်မှာ မြစ်ကြီးနားမှာကပြဖို့ ရှိတယ်လို့လည်း သိရပါတယ်။ စိန်မဟာသဘင်အနေနဲ့ဒီနှစ်မှာတော့ သီပေါနန်းတက်၊ ရှင်မအောင်ဖြူ၊ မရွှေဥကျားဆွဲ၊ ရနောင်မောင်မောင် တုတ် စတဲ့ အော်ပရာဇာတ်ထုပ်များ ကပြလျက်ရှိပါတယ်။ ဒီနှစ်မှာ ပြည်သူတွေအနေနဲ့ စီးပွားရေးနည်းနည်းကျပ်တည်း ကြတဲ့အတွက် တချို့ပွဲတွေမှာတော့ ဇာတ်ပွဲရုံ လူအဝင်နည်းတာမျိုးတွေတော့ရှိတယ်လို့ ဇံဟိန်းကပြောပါတယ်။

”အစ်ကိုတို့က H1N1 ကြောင့်လည်း တောင်ပြုံးပွဲကြီးမှာမကလိုက်ရဘူး။ ပြီးတော့တခြားအရေး တွေလည်းဖြစ်နေတော့ ပြည်သူတွေ ကပွဲကြည့်ကြတာ နည်းနည်းနည်း သွားကြတယ်။ ကြည့်တော့ ကြည့်ကြပါတယ်” လို့ ပြောပါတယ်။ တချို့လူအဝင်နည်းနဲ့ ပွဲတွေမှာ လက်မှတ်ဈေးနှုန်းကို လျှော့ပေးရတာမျိုးတွေလည်းရှိပြီး ပရိသတ်တွေ အဆင်ပြေစေရေးကိုတော့ အဓိကထား လုပ်ပေးဖြစ်ပါတယ်လို့ သူက ပြောပါတယ်။ သူ့အနေနဲ့ကတော့ တင်ဆက်မှုတွေကိုတော့ နှစ်စဉ်အသစ်တွေ တင်ဆက်လေ့ရှိပြီး အခုနှစ်မှာလည်း အသစ်တွေထပ်မံတင် ဆက်ထား တယ်လို့ ပြောပါတယ်။ ”ပဏာမမှာလည်း အသစ် ၂ ပုဒ် လုပ်ထားတယ်။ ဝတ်စုံတွေကအစပေါ့။ စတိတ်ရှိုးမှာ ဆိုရင်လည်း ကျွန်တော့်ရဲ့ထုံးစံအတိုင်း ဒရက်ဂူလာစတိတ်ရှိုးကတယ်။ မိုက်ကယ်ဂျက်ဆင်ကတယ်။ သဘင်နဲ့ ပတ် သက်လို့လည်း တခြားထပ်ဖြည့်ထားတာတွေ အများကြီးပါပဲ” လို့ ဇံဟိန်းက ပြောပါတယ်။ ၁ဝတန်းစာမေးပွဲကာလမှာ တော့ ဇာတ်နားမှာဖြစ်ပြီး ပြီးရင်တော့ နယ်မှာပဲ တောက်လျှောက် ကပြဖြစ်မယ်လို့သိရပါတယ်။ ” ပရိသတ်တွေ ကိုပြောချင်တာကတော့ ဇာတ်ကိုအားပေးပေးပါ။ ဘာကြောင့်လဲဆိုရင် ဇာတ်သဘင်က မြန်မာမှုအနုပညာတွေကို ထိန်းသိမ်းဖော်ထုတ်နေတာပါ။ အနုပညာထဲမှာမှ တကယ်ကို အနှစ်တွေဖြစ်တဲ့ နောက်ပိုင်းဇာတ်တော်ကြီးတွေကို ဇာတ်တိုင်းမှာ ကရတော့မှာလေ။ ဒါကြောင့်အဲဒီ့ရဲ့ အနုပညာတွေကို ဖော်ထုတ်နေပြီဖြစ်တဲ့အတွက်ကြောင့် အနုပညာ ရသတွေကို ထဲထဲဝင်ဝင်ကြည့်ပေးကြပါ။ အားပေးပေးကြပါ။ ကိုယ့်ကိုအားပေးတာထက် ဇာတ်ကို အားပေးပေးပါ။ ပြီးတော့ ကျွန်တော့်ကိုလည်း အားပေးပါ။ ကျွန်တော့်ဇာတ်ကတော့ နောက်ပိုင်းဇာတ်တော်နဲ့ နှစ်ပါးသွားကို အဓိကထား ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိန်မဟာသဘင်က အရင်တုန်းကလည်း အဲဒါနဲ့ အောင်မြင်ခဲ့တာဆိုတော့ ကျွန်တော့်အနေနဲ့ အဲဒါကိုဆက်လက်ထိန်းတာပါ” လို့ ဇံဟိန်းက သူ့ပရိသတ်တွေကိုပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here