ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသလာတော့မယ့်အကြောင်း ခင်ဇာခြည်ကျော် ပြောပြ

0
216

သရုပ်ဆောင်ခင်ဇာခြည်ကျော်က သူ့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ကြယ်တံခွန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ရိုက်ကူးထားတဲ့ ဓားဖိုးကင်းဆိုတဲ့ ကျေးလက်ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလထဲမှာရုံတင်ပြသတော့မယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပြီး ကျော်ရဲ အောင်၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ခင်လှိုင်၊ အိချောပို၊ ခင်ဇာခြည်ကျော်၊ ဂွမ်းပုံတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြ တယ်လို့ သိရပါတယ်။ မကြာခင် ရုံတင်ပြသလာတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ခင်ဇာခြည်ကျော်က . . .

”ဇာက ဒီဇာတ်ကားလေးကို တခြားပရိုဂျူဆာတွေလို ပိုက်ဆံတအားပေါနေလို့ ထုတ်လုပ်တာမဟုတ်ပါ။ ကိုယ့် အနုပညာတွေကို ဘာပဲဖြစ်ဖြစ် ပြန်ပြီးတော့ ကြယ်တံခွန်ရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတဲ့အနေနဲ့ ပြန်ပြီး လုပ်တာပါ။ ရိုက်ကူးတဲ့အတွက် ဇာ့မှာအခက်အခဲ အများကြီးရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလည်းကိုယ်၊ မိန်းမလည်း ကိုယ်၊ မိသားစုရေးလည်း ကိုယ်၊ ကလေးတွေအရေးတွေလည်း ကိုယ် အစုံပဲပေါ့နော်။ ဒီပရိုဂျူဆာ လုပ်ကြည့်တော့မှသိတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်မြောက်ဖို့အတွက်က တော်တော် ကြီးကို ခက်ခဲ ပါလားပေါ့နော်။ အဲဒီတော့မှသိတယ်။ အစကတော့ ကိုယ်ကမင်းသမီးပဲလေ။ ငှားရင်ရိုက်လိုက်တယ်။ အဲဒါပြီးပြီးပဲပေါ့ နော်။ နောက် မေမေထုတ်လုပ်ခဲ့တုန်းကလည်း ကိုယ်တွေက အဲဒီအချိန်မှာ ငယ်သေးတယ်။ ငါသူ တစ်ပါးရိုက်ကူးတဲ့ အချိန်တုန်းက အသက် ၂၇ နှစ်ပဲရှိသေးတယ်။ ကိုယ်ကမင်းသမီးလိုပဲ သွားတယ် လေ။ အမေပြီးပြီလား၊ ပြန်လာမယ် လေဆိုပြီး ပြန်လာခဲ့တဲ့သူ။ အခုလည်းကျတော့ မေမေက စိတ်ရော ကိုယ်ပါ မလုပ်နိုင်ဘူး။ ဘေးကပဲ အကြံပေးပဲ လုပ်နိုင်တော့တယ်။ အဲဒီလိုဆိုတော့ ကိုယ်တွေပဲ အကုန် လိုက်လုပ်နေရတယ်ဆိုတော့ တအားကို ပင်ပန်းပါတယ်။ အစ်မကို ပိန် သွားတယ်၊ ပိန်သွားတယ်ပြောတယ်။ အဲဒီ စိတ်ကလည်းပါပါတယ်။ ရုံတင်ပြသခါနီးလေ ပိုပိန်လေပါပဲ။ အစ်မကိုယ်စွမ်းဥာဏ်စွမ်းရှိ သမျှနဲ့ အစ်မရဲ့တတ်နိုင်တဲ့ ငွေအားလေးနဲ့ ပထမဆုံး ထုတ်လုပ်ထားတဲ့ဇာတ်ကားကို ပရိသတ်တွေအနေနဲ့လည်း အစ်မကို ချစ် တယ်၊ အားပေးတယ်ဆိုရင် ဒီဇာတ်ကား လေးကိုကြည့်ရှုစေချင်တယ်။ အားပေးစေချင် ပါတယ်။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

သူ့ရဲ့ ပထမဆုံး ထုတ်လုပ်ရိုက်ကူးတဲ့ ဒီရုပ်ရှင်ရုံတင်ပြသဖို့ရှိနေတဲ့အတွက်ကြောင့် လည်း ဖေဖော်ဝါရီလထဲမှာ ဇာတ်ကားရိုက် ကူးမှုတွေ လက်မခံထားကြောင်း ခင်ဇာ ခြည်ကျော်က ပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here