အကယ်ဒမီဆိုတာ ငွေရှိမှရမယ်

0
225

ရုပ်ရှင်အကယ်ဒမီပေးတော့မယ်။ တို့ထင်တဲ့သူတွေရပါ့မလား . . .

အကယ်ဒမီဆုပေးပွဲကြီးကျင်းပဖို့ အချိန်နီးလာသည်နဲ့အမျှ ရုပ်ရှင်ချစ် သူများနှင့် ပရိသတ်တွေရဲ့ ရင်ခုန်သံတွေ၊ ဝေဖန်သံတွေပြင်းပြင်း ထန်ထန်ကြားနေရပါတယ်။ ဟုတ်ပါတယ်။ ရုပ်ရှင်အနုပညာကို တကယ် ချစ်ခင်တန်ဖိုး ထားကြည့်ရှုခံစားတတ်တဲ့ ပရိသတ်အကြိုက် အကယ် ဒမီရမယ်ထင်တဲ့သူနဲ့ တကယ်ရတဲ့သူ၊ မတူဘဲ အများဆုံးလွဲချော်တတ်ပါ တယ်။ ပရိသတ်တွေရဲ့ရင်ထဲမှာက ရုပ်ရှင်ပညာသည်ဘဝကို တန်ဖိုးထားပြီး နှစ်ပေါင်းများစွာ၊ ဇာတ်ကားပေါင်းများစွာ ပရိသတ်စိတ်ကြိုက် ထိရောက် စွာ သရုပ်ဆောင်တဲ့သူ၊ ရုပ်ရှင်လုပ်ငန်းတွေကို အနစ်နာခံလုပ်ကိုင်ပြီး အကျင့်စာရိတ္တပါကောင်းမွန်တဲ့သူကိုသာ အကယ်ဒမီဆုပေးမယ်လို့ ထင်နေကြတာပါ။ တခြားအကယ်ဒမီရရှိနိုင်တဲ့ စံချိန်စံညွှန်းတွေကိုတော့ ပရိသတ်ကမသိပါဘူး။

အခုခေတ် ရုပ်ရှင်လောကထဲကိုဝင်လာကြတဲ့ ထုတ် လုပ်သူတွေ၊ သရုပ်ဆောင်တချို့ဟာ အကယ်ဒမီရဖို့ ရည်ရွယ်ချက်တွေ အဓိကထားပြီး လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ အဲဒီရည်ရွယ်ချက်တွေ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီရွှေစင် ရုပ်မှာ ရွှေငါးကျပ်သားပါတယ်။ အကယ်ဒမီရတဲ့ ဘွဲ့ရတန်ဖိုးကလည်း ကြီးမားပါတယ်။ လူရာဝင်ပါတယ်။ နိုင်ငံတကာ ဖက်စပ်လာရိုက်ကူးတဲ့ ဇာတ်ကားတွေ၊ ပြည်တွင်းပြည်ပကရိုက်ကူးတဲ့ ဇာတ်ကားကြီးတွေမှာ အမြဲတမ်းထိပ်ဆုံးက ပါဝင်ရိုက်ကူးနိုင်တဲ့ အခွင့်အရေးတွေရလို့ နာမည် ပိုကြီးနိုင်ပါတယ်။ ရုပ်ရှင်လောကအလုပ်တွင်မက အပြင်လောက စီး ပွားရေးလုပ်ငန်းတွေမှာလည်း ရုပ်ရှင်အကယ်ဒမီဆိုတဲ့ အရှိန်အဝါနဲ့ ကောင်းကောင်းလုပ်စားလို့ရပါတယ်။ အကယ်ဒမီရရင် ထူးချွန်ထက် မြတ် တန်ခိုးကြီးတဲ့ မှော်အင်းတစ်ချပ်ကို ရလိုက်သလိုပါပဲ။

ဒါကြောင့် အကယ်ဒမီရမယ်ဆိုရင် အသေရရ၊ အရှင်ရရ။ ဓါး တောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရဖြတ်ရ။ မရရတဲ့နည်းနဲ့ ယူချင် တဲ့သူတွေရှိနေတာပေါ့။ တကယ်တော့ ရုပ်ရှင်လောကထဲမှာ ရုပ်ရှင် အနုပညာစစ်စစ်နဲ့ အကယ်ဒမီရအောင် ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ တွေ၊ ကင်မရာမန်းတွေ၊ သရုပ်ဆောင်တွေအများကြီးရှိပါတယ်။ ကံ ကံ၏အကျိုးကြောင့် အကယ်ဒမီဆုနဲ့ ဝေးပေမယ့် ပရိသတ်ကပေးတဲ့ စေတနာ၊ မေတ္တာဆုကိုတော့ ရပါတယ်လေ။

ချစ်စွာသော ရုပ်ရှင်ပရိသတ်များခင်ဗျား . . .

အကယ်ဒမီရနိုင်တဲ့ အခြေအနေ၊ ရတတ်တဲ့ပုံစံတွေကို ကျွန်တော် သိသလောက်ပြောပြပါ့မယ်။ လောကမှာ အဓိကကတော့ ငွေပါပဲ။ ငွေရှိရင်ဘာမဆိုဖြစ်တယ်။ လိုချင်တာရမယ်။ အကယ်ဒမီလည်းရနိုင် တယ်။ အရင်တုန်းက ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တွေက ဇာတ်ကားတစ်ကား ရိုက်ကူးရင် ဇာတ်လမ်းနဲ့အံဝင်ခွင်ကျတဲ့ နေရာဒေသအဆောက်အဦး၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံများကို ရွေးချယ်ပြီး ဇာတ်ကားကောင်းအောင်ကြည့်တဲ့သူတွေ သဘောကျအောင် ရိုက် ကူးတာပါ။ ရှုံးတာ၊ မြတ်တာကို မတွက်ပါဘူး။ ပရိသတ်ကြိုက်ရင် ပိုက်ဆံရတယ်။ မကြိုက်ရင်တော့ ပိုက်ဆံမရဘူးပေါ့။

အခုခေတ်ကတော့ ဒီလိုမဟုတ် တော့ဘူး။ ထုတ်လုပ်သူတွေက အစ စအရာရာ ကြိုတွက်ပြီး ရှုံးမယ်ထင်ရင် မရိုက်ကူးကြတော့ဘူး။ အမြတ်ရအောင် ခွင်ဆင်ပြီးမှ ရိုက်ကူးကြတော့တယ်။ အရှုံးမခံနိုင်လို့ ရုံတင်ကားတွေမရိုက်ကြတော့ အကယ်ဒမီရဖို့နေနေသာသာ ရုပ်ရှင် အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ ရုပ်ရှင်သမားတွေ ပါး စပ်နဲ့လက်ကြားမှာ ထမင်းလုပ်တွေပျောက်ပြီး ငုတ်တုတ်မေ့ကုန်ကြ တာပေါ့။

အဲဒီအချိန်မှာ ပွဲလန့်တုန်းဖျာခင်းဖို့ ရုပ်ရှင်လောကထဲကို ခိုင်မာ တောင့်တင်းတဲ့ငွေရှင်ကြေးရှင်တွေ ထုတ်လုပ်သူဝင်လုပ်ကြတယ်။ သူ တို့က အရင်ထုတ်လုပ်သူတွေလို ဇာတ်လမ်းနဲ့ကိုက်ညီတဲ့ ရုပ်ရှင်သမား တွေကို မငှားတော့ဘူး။ အမြတ်ကြီးမြတ်မယ့် သူတို့နဲ့အဆင်ပြေတဲ့ မင်းသား၊ မင်းသမီးတွေကိုပဲ ဈေးကြီးပေးပြီး ရိုက်ကူးတော့ ငွေအင်အား နည်းတဲ့ တော်ရုံတန်ရုံ ထုတ်လုပ်သူတွေက မရိုက်ကူးကြရတော့ဘူး။ ရိုက်ကူးနိုင်တဲ့သူတွေကတော့ နာမည်ကြီးတဲ့မင်းသား၊ မင်းသမီးတွေကို သူများတွေနဲ့ မရိုက်နိုင်အောင် ပိုက်ဆံပုံပေးပြီး ကုမ္ပဏီမင်းသား၊ မင်းသမီးအဖြစ် စာချုပ်ချုပ်ထားလိုက်ကြတယ်။ ဒါကြောင့် အဲဒီတုန်း ညကဆိုရင် တစ်နှစ်မှ အလွန်ဆုံးဇာတ်ကား ၄/၅ ကားလောက်သာ ရုံတင်ပြသနိုင်ခဲ့ပါတယ်။

မင်းသား၊ မင်းသမီးတွေ လုပ်နိုင်တဲ့ဇာတ်လမ်းမျိုးတွေကိုပဲ ရိုက် ပေးနေရတော့ ကြည့်ရှုရတဲ့မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ် ဆောင်တွေ၊ ဇာတ်လမ်းတွေမှာ ထပ်နေတယ်လို့ ပရိသတ်တွေက ပြောဆိုကြပါတယ်။ အကယ်ဒမီပေးတယ်ဆိုတာက ရုံတင်ပြသတဲ့ ဇာတ် ကားကိုကြည့်ပြီးပေးတာဆိုတော့ ဒီဇာတ်ကားမရရင် ဘယ်ဇာတ်ကား ရမလဲ။ ဇာတ်ကားမှာပါတဲ့ သရုပ်ဆောင်တွေ ဧကန်မလွဲ အကယ်ဒမီရ ကြမှာပဲ။ ရပြီးသားလူပဲ အကယ်ဒမီထပ်ရမှာ သေချာတယ်။ အဲဒီပုံစံ အတိုင်းဆိုရင်တော့ ရုပ်ရှင်ထဲရောက်တာ မကြာပေမယ့် အကယ်ဒမီ ဆယ်ထပ်ကွမ်းပိုင်ရှင်ဖြစ်ဖို့ရာ မခက်ပါဘူး။

ဒါကြောင့် ငွေရှိမှကားကြီးရိုက်နိုင်မယ်။ ကားကြီးရိုက်မှ အကယ်ဒမီရပါမယ်။ ရုပ်ရှင်လောကသားများ ဇာတ်ကားကြီးရိုက်နိုင် အောင် ကြိုးစားကြပါ။

ဦးဇော်မှိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here