ပရိသတ်တွေဆီကရမယ့် Valentine လက်ဆောင်ထက် ဖြိုးပြည့်စုံ ပေးချင်တဲ့ လက်ဆောင်က ဘာလဲ

0
205

ဖေဖော်ဝါရီလ ၁၄ရက်နေ့၊Valentine’s Day အမီ ပရိသတ်ကို လက်ဆောင်ပေးလိုက်တဲ့ဖြိုးပြည့်စုံရဲ့ သီချင်းအသစ်တစ်ပုဒ်ကတော့ ‘မောင်အရင်ထိုး’ လို့အမည်ရပါတယ်။ ဒီသီချင်းလေးကို လူငယ်တေးရေးဆရာ ဝေကြီးကရေးစပ်ပေးထားတာဖြစ်ပြီး ဖြိုးပြည့်စုံနဲ့ Jewel  နဲ့ စုံတွဲသီဆိုထားတာဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်ကြောင့် သို့လော၊ သို့လောအတွေးတွေနဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေထက်မှာ ဝေဖန်မှုတွေ ကြားခဲ့ရတဲ့’ မောင်အရင်ထိုး’သီချင်းနဲ့ ပတ်သက်ပြီး ဖြိုးပြည့်စုံက…..

“အဓိကက နားလည်မှုလွဲနေတဲ့ပရိသတ်တွေလည်း ဒီအချိန်မှာ သီချင်း စာသား လေးတွေကို ကြားပြီးတော့ လက်ခံပေးကြမယ်၊ နားလည်ပေးကြမယ်ဆိုရင်တော့ ပိုပျော်တာပေါ့။ နောက်ပြီး တော့ သီချင်းစတင်လိုက်တဲ့ ၂၄နာရီအတွင်း ကျွန်တော့်သီချင်းကို like ပေးကြတဲ့ share ပေးကြတဲ့ သူတွေ၊ မျှဝေ ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တချို့ပရိသတ် တွေကျတော့ ကိုယ့်ဘက်ကနေကာဆီးပြီးတော့ ဒီသီချင်း လေးက ဘယ်လို၊ စာသားလေးက ဘယ်လိုဆိုတာ ဝိုင်းဝန်းရေးသားပေးကြတဲ့ သူတွေကိုလည်း ကျေးဇူး တင်ပါတယ်။

အဓိကကတော့ သီချင်းတစ်ပုဒ်ဆိုတာ ရေးသူ၊ ဖန်တီးသူ၊ သီဆိုသူ အားလုံးက ကိုယ်မွေးထုတ် ပေးလိုက်တဲ့ ကလေးလေး လိုပါပဲ။ ဆိုတော့ ကိုယ့်ကလေးလေး ပရိသတ် တွေကြားမှာ ကောင်းမွန်စွာ၊ ပျော်ရွှင်စွာနဲ့ရှိနေဖို့ မျှော်လင့်ရတာပဲ။ အခုတော့ပထမဆုံးနေ့ရက်လေး တွေမှာပဲ ဒီလိုမျိုး Feed back လေးတွေကြားရတယ်ဆိုတော့ အများကြီးဝမ်းသာပါတယ်။ ပရိသတ် တွေအပေါ်မှာ ဆက်ပြီးတော့ တာဝန်ကျေအောင်ကြိုးစားပါမယ်”လို့ ပြောပါတယ်။ မနှစ်က Valentine’s Day အမှတ်တရအနေနဲ့တုန်းကလည်း ဖြိုးပြည့်စုံက အမျိုးသမီးတေးသံရှင် ၁၁ဦးနဲ့ ‘အချစ်များ စွာနှင့်’ဆိုတဲ့အခွေလေး ထွက်ရှိခဲ့ပါသေးတယ်။ ပြည်ပမှာတော့ Valentine day မြန်မာနိုင်ငံမှာတော့ ချစ်သူများနေ့၊ ဘာလိုပဲဆိုဆို ဖေဖော်ဝါရီလ ၁၄ရက်မှာကျ ရောက်တော့မယ့် အဲဒီနေ့လေးနဲ့ ပတ်သက်ပြီး ဖြိုးပြည့်စုံ ဘယ်လိုမြင်လဲလို့ဆို တော့…..

“Valentine ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဆိုရင်တော့ လူငယ်တွေ၊ ချစ်သူရည်းစားတွေကြားမှာပဲ ခေတ်စားတဲ့နေ့လေး တစ်နေ့ပေါ့။တကယ့်တကယ်က ချစ်ခြင်းတရားကို သက်သေပြတဲ့ နေ့ရက်တစ်ခုပေါ့နော်။ ကျွန်တော့် အနေနဲ့ဆိုရင် သမီးရည်းစားအနေနဲ့ မဟုတ်ဘူး။ မိသားစုတွေ၊ ညီအစ်ကို မောင်နှမတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ ပြီးတော့ တိရစ္ဆာန်လေးတွေ ကအစ ချစ်ခြင်းမေတ္တာတွေက ရှိကြတာကိုး။ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးချစ်ကြပါ ဆိုတဲ့ဟာကို တစ်နှစ်တာလုံးမှာ ဒီတစ်ရက်က ပိုပြီးသတိ ပေးနေတဲ့ နေ့လေး တစ်နေ့လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်။ အကယ်၍ တစ် ယောက်နဲ့တစ်ယောက်ပိုပြီး ချစ်ကြမယ်ဆို တာကို အကြီးဆုံး အထိတွေးလိုက် မယ်ဆိုရင် စစ်ဆိုတာ တောင်ဖြစ် လာတော့မှာမဟုတ်ပါဘူး။ Valentine ဆိုတဲ့အသိက အဲဒီလောက်အထိ ထိရောက်မယ် ဆိုရင် ကမ္ဘာကြီးပိုပြီးတော့ ငြိမ်းချမ်းပါမယ်။ ဖေဖော်ဝါရီမှာက ကျွန်တော့် မွေးနေ့ရှိနေ တော့ Valentine လက်ဆောင် အနေနဲ့မဟုတ် ဘဲ မွေးနေ့လက် ဆောင်တွေပဲရနေတာပေါ့။ လက် ဆောင်က တော့ မရသေးဘူးပေါ့နော်။ ဒါပေမဲ့ တကယ့်တကယ်ကတော့ ပရိသတ် တွေဆီကရမယ့် Valentine လက်ဆောင် ထက် ကျွန်တော်က ပြန် ပေးချင်တာပါ။ ပြန်ပေး ချင်တဲ့အတွက် ‘မောင်အရင်ထိုး’ ဆိုတဲ့ သီချင်းလေး အွန်လိုင်းမှာ တင်ပေး လိုက် တယ်။

နောက်တစ်ခုကတော့ ကို Lလွန်းဝါတို့လို စီနီယာအဆို တော်တွေ၊ Pop Singers တွေ ချည်းပဲ ၁၅ယောက်ပါတဲ့အခွေမှာလည်း ‘တောင့်တ ရင်းသာ’ ဆိုတဲ့ သီချင်းလေးကို Valentine’s Day အမီထွက်လာဦးမယ်။ နောက်တစ်ခု က ဆရာမင်းချစ်သူ စီစဉ်တယ်။ ပြီးတော့ ကျွန်တော်လည်း ဦးစီး ဦးဆောင် လုပ်ပြီးတော့ ‘သူပဲပိုင်တဲ့ ၂၄နာရီ’ ဆိုတဲ့ Valentine Mini Album လေးတစ်ခုထွက်ရှိမယ်။ အဲဒီမှာဆိုရင်တော့ ကျွန်တော်ပါမယ်။ အောင်ထက်ပါမယ်။ နေမင်းအိမ်ပါမယ်။Jewel ပါမယ်။ ဝိုင်းလေးပါမယ်။ ဝတ်ရည်ထက်ပါမယ်။ ဒီမောင်နှမ ၆ယောက်က စုံတွဲသီချင်း ၆ပုဒ်ပေါ့။ ဒီ Valentine အမီထွက်လာမှာပါ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here