ဒီအနုပညာ တစ်ခုက လမ်းကြောင်း မှန်မှန်လေး သွားမယ်ဆိုရင် တစ်ချိန်ကျရင် ငွေကြေးက သူ့ဟာနဲ့သူအဆင်ပြေသွားမယ်လို့ ယုံကြည်တယ် ခရစ္စတီးနားခီ

0
188

ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားအဖြစ် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကို ဖန်တီးသူ အမျိုးသမီးဒါရိုက်တာ ခရစ္စတီးနားခီက အမေရိကန်နိုင်ငံမှာ ဒါရိုက်တာပညာကို သင်ကြားလာခဲ့သူဖြစ်ပါတယ်။ ကိုယ်ပြန်ကြည့်ရင် မရှက်ချင်တဲ့အတွက် အနုပညာကို အကောင်းဆုံး ဖန်တီးခဲ့ တယ်လို့ ဆိုတဲ့ ခရစ္စတီးနားခီက…

”အနုပညာကို စလုပ်ကတည်းက အောင်မြင်မှုဆိုတာကို သိပ်မတွေးဘူး။ ကိုယ်လုပ်ချင်တဲ့ အနုပညာကို ရွေးခဲ့တယ်။ အဲဒီဟာက အောင်မြင်တာတွေ မအောင်မြင်တာတွေထက် ကိုယ်စိတ်ချမ်းသာချင်တယ်။ ကိုယ်ပြန်ကြည့်ရင်မရှက်ချင်ဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အနုပညာကို တစ်ခါမှ မချပြဖူးတဲ့အတွက် ရုံတင် ပြသတဲ့အချိန်မှာ အခက်အခဲတွေ ရှိခဲ့တာဖြစ်ကြောင်းကို ခရစ္စတီးနားခီက ”ရုံတင်တဲ့ကိစ္စက ခရစ်က အသစ်ဒါရိုက်တာ၊ တစ်ခါမှလည်း အနုပညာနဲ့ပတ်သက်လို့ ချပြထား တာလဲမရှိဘူး။ မင်းသားနှစ်ယောက် ကလည်း အသစ်ဆိုတော့ ကိုယ့်မှာလဲ အာမခံချက်ဘာမှမ ပေးနိုင်ဘူး။ သူတို့အနေနဲ့ကလည်း ဈေးကွက်ထဲမှာ ပေါ်ပြူလာမဖြစ်ဘူး။ ဖေ့စ်ဘုတ်ခ်မှာလည်း ပေါ်ပြူလာမဖြစ်တဲ့ ဒီသုံးယောက်ကို ဈေးကွက်ထဲ ဆင်းရတာ ခက်ခဲတယ်ပေါ့။ နောက်တစ်ခုကကျတော့ ကိုယ့်ဇာတ်ကားလေးကို ရုံရှင်ကို ကြည့်ပေး စေချင်တာ။ ကြည့်လိုက်ပြီးမှ ဆုံးဖြတ်လိုက်တာကိုရချင်တာ။ အခွင့်အရေးလေးတစ်ခု ရချင်တယ်ပေါ့။ မကြည့်လိုက်တဲ့အချိန်ကျတော့ ကိုယ်လည်း နစ်နာတယ်။ သူတို့အတွက်လည်း အဆင်မပြေဖြစ်တယ်။ ဒီအခက်အခဲ က အခုအချိန်မှာလည်း ရင်ဆိုင်နေရတယ်။ အဲဒါက ဘာလဲဆိုတော့ အနုပညာအရတော့ပေါက်သွားပေမယ့် ငွေရေးကြေးရေးပိုင်းမှာ အခက်အခဲက အခုအချိန်ထိ ရှိနေ တုန်းပါပဲ” လို့ပြောပါတယ်။

အနုပညာကို အရင်အတိုင်းပဲ ဆက်လုပ်သွားမှာဖြစ်ပြီး ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးသွားဖို့လည်းအစီအစဉ်မရှိကြောင်းကိုခရစ္စတီးနားခီက

”အနုပညာက အရင်အတိုင်းပဲလုပ်မယ်။ အမြဲတမ်းဆက်တိုက်ရိုက်ဖို့လည်း အစီအစဉ် မရှိဘူး။ ဟိုးတုန်းက တည်းကလည်းဒီကားဟာအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ၊ အရှုံးတစ်ခုကို ရင်ဆိုင်နိုင် လားဆိုပြီး Partner တွေနဲ့လည်းတိုင်ပင်တယ်။ ရှုံးခြင်းနဲ့ မြတ်ခြင်းကတော့ business မှာတကယ်အရေးကြီးတယ်။ ဒါပေမဲ့ အများကြီးမြတ်ဖို့လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ အနုပညာလေး ချပြချင်တယ်။ ချပြရင်းချပြရင်းနဲ့ Branding ဖောက်သလိုပဲပေါ့။ ဒီတစ်ခေါက် Brand new အနေနဲ့ ဖောက်ရတယ်။ နောက်တစ်ခေါက်ကျရင်နည်းနည်းလေး လူသိလာပြီးဖောက်တယ်။ အဲဒီလိုပဲသဘော ထားပြီး အလုပ်လုပ်တယ်။ ဒီ Brand ရဲ့ Image quality ဆိုတာ ရှိရမယ်။ ကိုဇာဏ်ခီပါတယ်၊ ခရစ္စတီးနားခီ ပါတယ်ဆိုရင် နောက်ပိုင်း ယုံယုံကြည် ကြည်ကြည့်စေချင်တယ်။ အဲဒီလိုကြည့် ဖို့အတွက်ကိုလည်း ပရိသတ်ကိုအကောင်း ဆုံးချပြမှ ရမယ်ပေါ့။ သူတို့ရဲ့ ယုံကြည်မှု ၁ဝဝ% ဖြစ်သွားဖို့ အတွက်ကိုပဲ အမြဲ တမ်းစဉ်းစားထားပါတယ်” လို့ ပြောပါ တယ်။

ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့က Central Base ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီး ငွေကြေးနောက်ကို လိုက်တဲ့ ထုတ်လုပ်ရေးမျိုး လုပ်ဆောင်သွားမှာမဟုတ် ကြောင်းကို ခရစ္စတီးနားခီက

”အနုပညာအပိုင်းကတော့ လက်ရှိမှာ Central Base ကို ခရစ်ဦးဆောင်နေတယ်။ ဆုံးဖြတ်ချက်ကိုလည်းချတယ်။ အနုပညာနဲ့ပတ်သက်လို့ ပါတနာတွေကလည်း လက်ခံတယ်။ ဘာဖြစ်လို့ ဆုံးဖြတ်ချက်ကို ကိုယ်ပဲချတာလဲဆိုတော့ အနုပညာလမ်းကြောင်းမှားသွားမှာစိုးလို့ ငွေနောက်ကို လိုက်တဲ့ Production ဖြစ်သွားမှာကိုလည်းတကယ်စိုးရိမ်တယ်။ ဒီအနုပညာ တစ်ခုကလမ်းကြောင်း မှန်မှန်လေးသွားမယ်ဆိုရင် တစ်ချိန်ကျရင် ငွေက သူ့ဟာနဲ့ သူအဆင်ပြေသွားမယ်လို့လည်းယုံကြည်တယ်။ အဲဒါ ကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်ကို ခရစ်ကပဲ ဆုံးဖြတ်ချက်ချမယ်။ သူ့ဆီက တော့ ဇာတ်ညွှန်းပေါ့။ ခရစ်လည်းရေးတယ်။ ဒါပေမဲ့သူက ပိုရေးနိုင် တယ်။ ခရစ်ကတော့ကလေးလည်းရှိတယ်ဆိုတော့ သိပ်တအားကြီးမလုပ် နိုင်ဘူးပေါ့။ သူကတော့ ရေးနေတယ်။ အဲဒီလိုပဲ ဇာတ်ညွှန်းရေးစရာတွေ အများကြီး ကိုလည်း ဖိတ်ခေါ်ဖို့ရှိပါတယ်” လို့ပြောပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကို နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာတွေ ကြည့်ရှုဖို့ အတွက် စင်ကာပူ၊ ဘန် ကောက်နဲ့ အမေရိကန်နိုင်ငံတို့မှာ ပြသဖို့အတွက် ညှိနှိုင်းတိုင်ပင်နေတယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here