အကယ်ဒမီ ရွှေကြို မောင်မယ်များကို သီးခြားမခေါ်တော့ဘဲ အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ သားသမီးတွေထဲကပဲ ရွေးချယ်သွားမယ့် ၂၀၁၇ အကယ်ဒမီ

0
222

၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး ကျင်းပဖို့ အချိန်က တဖြည်းဖြည်းနီးကပ်လာသလို ပွဲပြင်ဆင်မှုအတွက်လည်း ရုပ်ရှင်အစည်းအရုံးကForever Group နဲ့အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။ အကယ်ဒမီ ပေးပွဲအတွက် ပြင်ဆင်မှုတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကြိုရွေးချယ်မှုကတော့ ယခု နှစ်အတွက် ထည့်သွင်းထားခြင်းမရှိတာကို တွေ့ရပါတယ်။ ”ရွှေကြိုနဲ့ ပတ်သက် ရင်တော့ ပရိသတ်တွေ နှစ်တိုင်း စိတ်ဝင်စားကြတယ်။ ရွှေကြိုကလည်းရွေးချယ် မှုက အချိန်တော်တော်ပေးရတာဖြစ်တဲ့အတွက် လူနှစ်ရာ၊ သုံးရာထဲက အဆင့် ဆင့် ရွေးချယ်ရတာတွေများတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ရွှေကြိုကို သီးခြား မခေါ်တော့ဘဲ အနုပညာလောကထဲက အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ သားသမီးတွေထဲကပဲ ရွေးချယ်သွားတော့မယ်။ အဲဒီကလေးတွေကလည်း လက်ရှိမှာ ဇာတ်ကားရိုက်နေတဲ့သူဖြစ်ရမယ်။ ၂၁ နှစ် အောက်ဖြစ်ရမယ်ဆိုတဲ့ စည်းမျဉ်းလေးတွေတော့ရှိပါတယ်။ အဲဒီအထဲက စုံတွဲလေးစုံရွေးမယ်ဆိုတော့ ရှစ်ယောက်ကို ရွေးချယ်ပြီးရင် သူတို့ကို လေ့ကျင့်မှုလေးတွေပြုလုပ်ပေးမယ်” လို့ ဦးအေးကြူလေးက ပြောပြပါတယ်။

တစ်ဖက်မှာတော့ အကယ်ဒမီ စိစစ်ရွေးချယ်ရေးက တတိယအပတ် ကြည့်ရှုမှုအဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်းမှာ ရုံတင် ခဲ့တဲ့ ဇာတ်ကားတွေကလည်း များပြားသလို အကယ်ဒမီအတွက်လည်း အနု ပညာရှင်များအဖို့ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ နှစ်တစ်နှစ်လို့ဆိုရမှာပါ။

လူငယ်အနုပညာရှင်များရဲ့ ကြိုးစားမှုတွေကိုလည်း မြင်တွေ့ရပါတယ်ဆိုတဲ့ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင် မျိုးသန္တာထွန်းရဲ့ သုံးသပ်ချက်က… ”အစ်မ ကတော့ အဓိက သရုပ်ဆောင်၊ အဓိက ဇာတ်ပို့ဆုနဲ့ ဇာတ်ကားဆုတွေအတွက် အကဲဖြတ် ပေးနေတယ်။ လက်ရှိကြည့်ရှုပြီးသလောက်မှာ အသစ်ကလေးတွေ လည်း တော်တော်လေးကောင်းကြတာကိုတွေ့ရတယ်။ ပရိသတ်တွေကလည်း ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးကို ရစေချင်တာက ဓမ္မတာပါပဲ။ ဒါပေမဲ့ အစ်မတို့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ထူးချွန်တဲ့လူ ကိုရွေးချယ်ရတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို အပြင်မှာထားခဲ့ရတယ်။ အားရစရာကောင်းသလို နောင်လာမယ့်နှစ်တွေမှာလည်း ကောင်းတဲ့ လူတွေ အများကြီး ယှဉ်ပြိုင်ကြရတာ ပိုပြီး အရည်အချင်းထွက်လာပါတယ်” လို့ သုံးသပ်ပြောပြခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here