နောက်ထပ်တစ်ယောက် မရှိဘူး ဆိုတဲ့ ပိုးမီ

0
156

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ Top 3 ထိတက်ရောက်နိုင်ခဲ့တဲ့ အဆိုတော် ပိုးမီရဲ့ ”နောက်ထပ်တစ်ယောက်မရှိ” လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီး မိတ်ဆက်ပွဲကို ဖေဖော်ရီလ ၁၉ ရက်နေ့က Park Royal Hotel မှာပြုလုပ်ခဲ့ပါတယ်။ ဒီတေးစီးရီးမှာ အဆိုတော် ပိုးမီကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်း ငါးပုဒ်နဲ့ တေးရေးဆရာမ မေသော် ရေးပေးထားတဲ့ သီချင်းငါးပုဒ်၊ စုစုပေါင်းသီချင်း ၁ဝ ပုဒ်ပါဝင်ကြောင်းသိရပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ် တော်တေးစီးရီးနဲ့ပတ်သက်ပြီး…

”ပြီးခဲ့တဲ့နှစ် သင်္ကြန်ပြီးကတည်းက ဖြည်းဖြည်းချင်းစီစဉ်ခဲ့တာပါ။ အကြောင်း အမျိုးမျိုးကြောင့် ထွက်သင့်တဲ့အချိန်ထက်တော့ နည်းနည်းလေးနောက်ကျသွားပါတယ်။ တစ်နှစ်နီးပါးလောက် တော့ အချိန်ယူပြီး လုပ်ထားပါတယ်။ နောက်ထပ်တစ်ယောက်မရှိဆိုတဲ့ အခွေနာမည်ကတော့ ဒီတေးစီးရီးထဲမှာပါတဲ့ သီချင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ အဲ့ဒီ သီချင်းလေးကတော့ ပိုးမီဘဝမှာမရှိမဖြစ်တဲ့လူတစ်ယောက်အကြောင်းကို ကိုယ်တိုင် ရေးပြီးတော့ သီဆိုထားတာပါ။ သေချာလည်း ကြိုးစားပြီးအဲဒီသီချင်းလေးကို သီဆို ထားပါတယ်။ အဲ့ဒီသီချင်းလေးကတော့ အခွေလေးထွက်မှပဲ ဘယ်သူ့ကိုဆိုထားတယ်ဆိုတာ နားထောင်ပေးပါ။ အားလုံး သီချင်းကတော့ Mtv အနေနဲ့ထွက်ဖြစ်တာ မဟုတ်ပါဘူး။ Music Video လေး သုံးပုဒ်လောက်ရိုက်ပြီးတော့ ပရိသတ်အတွက်ထည့်ပေးတာပါ။ ဒီအခွေလေးကိုလည်း ပိုးမီ အပင်ပန်းခံပြီး ကြိုးစားထားပါတယ်။ ပရိသတ် လက်ထဲကိုလည်း အပ်ပါတယ်” လို့ ပိုးမီက ပြောပြခဲ့ပါတယ်။ အဆိုပါတေးစီးရီးကတော့ မတ်လ ၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး ရန်ကုန်မြို့အပြင် ပြည်မြို့၊ အင်းလေး စတဲ့နေရာတွေမှာ Promotion အစီအစဉ်များ လုပ်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ပြိုင်ပွဲဝင်ကာလကတည်းက တခြား အဆိုတော်တွေရဲ့ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေလာခဲ့ရတဲ့ သူမရဲ့ ကိုယ်ပိုင်သီချင်းတွေ ပိုင်ဆိုင်ရတော့မယ့်ခံစား ချက်ကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ …

”အရင်တုန်းကတော့ ကိုယ် ကြိုက်တဲ့ ကိုယ်ရဲ့စီနီယာ အဆိုတော်တွေရဲ့ သီချင်းတွေကိုဆိုရတယ်။ အခုက ကိုယ်ပိုင်တဲ့သီချင်းလေးတွေရတော့မယ်။ ဒါ ကိုယ်ပိုင်တဲ့သီချင်းဆိုတာကတော့ ဘာနဲ့မှလဲလိုမရဘူးပေါ့။ ရင်ထဲကတကယ်ကို ပီတိဖြစ်ပါတယ်။ ဒီသီချင်းလေးတွေပေါက်ခဲ့တယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။ ” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here