အကယ်ဒမီကတော့ ရင်မခုန်ရဲပါဘူး ဆိုတဲ့ ဒါရိုက်တာ စတီးလ်

0
179

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီစာရင်း ဝင်ဇာတ်ကားများထဲတွင် ဒါရိုက်တာစတီးလ်ရိုက်ကူးတာတဲ့ ဝိညာဉ်ကကြိုး၊ ပွဲခံမယ်၊ တောကျီးကန်း စတဲ့ရုပ်ရှင် ဇာတ်ကား ၃ ကား ပါဝင်နေပါတယ်။ ဒီဇာတ်ကားတွေထဲကနေ အကယ်ဒမီဆုတွေရရှိလိမ့်မယ်လို့ ပရိသတ်တွေခန့်မှန်းပေးနေတာတွေလည်းရှိပါတယ်။ ဖန်တီး ရိုက်ကူးသူ ဒါရိုက်တာစတီးလ်ကတော့ သူ့ဇာတ်ကားတွေမှာပါဝင်တဲ့ သူတိုင်းကို အကယ်ဒမီရစေချင်ပြီး သူ့အနေနဲ့ကတော့ ”အကယ်ဒမီကတော့ ကျွန်တော် ရင်မခုန်ရဲပါဘူးဗျာ။ ကိုယ့်အနေအထားနဲ့ကလည်း ရင်ခုန်ရမယ့် အနေအထားမျိုးလည်း မဟုတ်ပါဘူး။ မနေ့တစ်နေ့ကမှ ဒါရိုက်အလုပ် စလုပ်တာပေါ့လေ။ ရှေ့မှာဆရာ့ဆရာကြီးတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ဇာတ်ကားမှာပါတဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ ရစေချင်တယ်။ ကျွန်တော့် ဇာတ်ကားမှာ ပါဝင်တဲ့သူအကုန်ရစေချင်တယ်” လို့ပြောပါတယ်။ မနှစ်ကတော့ အကယ်ဒမီ ပေးပွဲအတွက် ဖိတ်ကြားမှုတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာလေးတွေဖြစ်ခဲ့ရတဲ့အတွက် ဒီနှစ်အကယ်ဒမီ အတွက်ကတော့ စောင့်ကြည့်ရဦးမယ်လို့ဆိုပါတယ်။

”မနှစ်ကဆို စိတ်မကောင်းဖြစ်စရာတွေက စလာတယ်။ ကျွန်တော် ဒါရိုက်တာတစ်ယောက်ကို ဖုန်းဆက် တယ်။ အစည်းအရုံးကနေ အကယ်ဒမီပွဲကိုတက်မှာလားတဲ့။ မတက်ဘူးဆိုရင် အဲဒီလက်မှတ်ကို သူများကိုပေးရမှာ မလို့ဆိုပြီး ဖုန်းဆက်တယ်။ အဲဒီမှာကတည်းက သိသာတယ်လေ။ အနုပညာရှင်တစ်ယောက်ကို ဒီလိုပြောလို့ရသလား။ ကျွန်တော်ကတော့ ဘာကောင်မှမဟုတ်ပါဘူး။ ကျွန်တော့်ကိုဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ အားလုံးကို ဒီလိုပဲ စိတ်ဖြေပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောတဲ့အခါကျတော့ ခံစားမိတာပေါ့နော်။ ကျွန်တော်ကတော့ ကျွန်တော်လုပ်ရ မယ့်အလုပ်လို့ ကျွန်တော်သတ်မှတ်ပြီး ကျွန်တော့်ပရိသတ်အတွက်ပဲ အားကြိုးမာန်တက်အလုပ်လုပ်မယ်။ သူ့ရဲ့ နောက်ဆက်တွဲအကျိုး ဂုဏ်ပုဂ္ဂိုလ်တွေကပေးတဲ့ ဆုတွေဘာတွေရတယ်ဆိုတာက ဒါဘုရားပေးတဲ့ဆု။ ရရင်လည်းရ၊ မရရင်လည်း ဘာမှပြဿနာမရှိဘူး။ မျှော်လင့်ချက်လည်း မထားပါဘူး” လို့ ဒါရိုက်တာ စတီးလ်က ပြောပြခဲ့ပါ တယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here