မင်းမော်ကွန်းရဲ့ သား မောင်မင်းမြတ် နဲ့ ဖခင်ဖြစ်သူကြားက ဆက်ဆံရေး

0
201

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သားဖြစ်သူ မောင်မင်းမြတ်ကတော့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးတဲ့ ဆယ်လီရုပ်ရှင် ဇာတ်ကားနဲ့ပရိသတ်ရှေ့မှောက်ကို ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ သူ ကတော့လက်ရှိမှာ ပညာရေးကို ဦးစားပေးနေပြီး အနုပညာလုပ်တွေကို လည်း ဆက်လုပ်သွားမယ့်အကြောင်း ခုလိုပြောပြလာပါတယ်။

”ဆယ်လီ ရုပ်ရှင်ဇာတ်ကားကတော့ ကျွန်တော်ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော်ရုပ်ရှင်ရိုက်ကူးဖို့ကျ တော့သိပ်မသေချာဘူး။ အဖေရော အဘိုးရော အနုပညာသမားဆိုတော့ ကျွန်တော့်ကိုလည်း သူတို့ကအနုပညာသမားဖြစ်စေချင်တာပေါ့။ သူတို့ ကတော့ ကျွန်တော်ကို ရုပ်ရှင်ရိုက်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်က ရုပ်ရှင်ထက် ဂီတကိုပိုပြီးဝါသနာပါတယ်။ သူငယ်ချင်းတွေနဲပေါင်းပြီးတော့ Band ထောင် ထားတာလည်းရှိပါတယ်။ သူများသီချင်းတွေ ပြန်တီး။ မဟုတ်ရင်လည်း ကိုယ်ကိုယ်တိုင် သီချင်းတွေရေးပြီး ကန်တော်ကြီးတို့ဘာတို့မှာ သွားတီးတာတွေရှိပါတယ်။ လေ့လာ ထားတာကတော့ ဂီတာသင်တန်းတွေကတော့ပြီးသွားပါပြီ။ အခုက Music ကို သီအိုရီနဲ့ ပြန်သင်ဖြစ်ပါတယ်။ အခွေ ထုတ်ဖြစ်ရင်တော့ တစ်ယောက်တည်းတော့ မထုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ Band လိုက်ထုတ်ဖြစ်မှာပါ။ အဘိုးကတော့ ရုပ်ရှင်ဘက်ကို အားသာတယ်။ အဖေကကျတော့ ရုပ်ရှင်ရော ဂီတရောရတယ်။ ကျွန်တော်လည်း အဖေဆီက အတုယူ ရတာတွေလည်း ရှိတယ်။ သူလည်းကျွန်တော့်ကို ဆုံးမပါတယ်” လို့ပြောပြခဲ့ပါတယ်။

အဖေဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်းနဲ့အတူ လမ်းသွားရင် ညီအစ်ကိုလို့ အထင်ခံရတာလည်းရှိပြီး သူနဲ့ အဖေကြား ထားရှိတဲ့ဆက်ဆံရေးကိုလည်းခုလိုပြောပြခဲ့ပါတယ်။

”တစ်ခါတလေ အဖေနဲ့အပြင်တွေဘာတွေသွားလို့ရှိရင် လူတွေက သားအဖလို့မထင်ကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း အဖေထက်ပိုထွားတယ်။ အဖေ ကလည်း အလွန်ပဲနုနေတော့ ညီအစ်ကိုတွေလိုဖြစ်နေတာပေါ့။ ကျွန်တော်လည်း ခု ၁၈ နှစ်ကျော်သွားပြီဆိုတော့ အဖေ ကလည်း ဟိုမလုပ်နဲ့ ဒီမလုပ်နဲ့ဆိုပြီး တားတာတွေဘာတွေ သိပ်မရှိပါဘူး။ မမှားဖို့ကိုတော့ ခဏခဏပြောပါတယ်။ ကျွန်တော့်ဟာ ကျွန်တော်တော့ တားတာပေါ့။ အဖေစပေါ်ကတည်းက ခုချိန်ထိ ပရိသတ်ကလည်းရှိသေးတယ်။ နာမည် ကလည်းရှိနေသေးတယ်။ အဲ့ဒါကတော့ ကျွန်တော်အားကျရတဲ့အချက်ပါ။ အဖေတို့ အဘိုးတို့ အကယ်ဒမီတွေရတာကိုတော့ အားကျပါတယ်။ ဒါပေမဲ့ ကျွန်တော်က ရုပ်ရှင်ရိုက်တာသိပ်ဝါသနာမပါတော့ မဖြစ်နိုင်ဘူးထင်တာပဲ။ သေချာတော့မပြော နိုင်သေးပါဘူး။ နောက်ပိုင်းကျရင်လုပ်ရင်လည်း လုပ်ဖြစ်မှာပါ” လို့ပြောခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here