အောက်လုံးတွေပါတဲ့ပြက်လုံးမျိုး မပြက်ဖို့ အဖေက မှာထားတယ် ဦးမေတ္တာရဲ့သား လူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်း

0
282

လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးမေတ္တာရဲ့သား မေတ္တာမြင့်မြတ်ဟိန်းက အနုပညာလောကမှာ လူရွှင်တော်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ သူ့အနေနဲ့ ငယ်စဉ်ကာလကတော့ ဖခင်ဖြစ်သူက အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးမှန်းမသိခဲ့ ပါဘူး။ ဒီလိုမသိခဲ့ရခြင်းကလည်း ဦးမေတ္တာကအနုပညာလုပ်ကိုင်ခွင့်အပိတ်ခံထားရတဲ့ ကာလဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပြီး အနုပညာအလုပ် တွေ ပြန်လုပ်ခွင့်ရတဲ့နောက်ပိုင်းမှသာ ဖခင်ဖြစ်သူဟာ အနုပညာရှင်တစ်ယောက် လူရွှင်တော်တစ်ယောက်ဆိုတာ သိခဲ့ရတာလို့ မေတ္တာမြင့်မြတ်ဟိန်းကပြောပါတယ်။

”မျိုးရိုးကြောင့်လားတော့မသိဘူး။ ကျွန်တော်က ငယ်ငယ်လေး ကတည်းက ဟာသဝါသနာပါတယ်။ပြီးတော့ သီချင်းဆို တာ ဝါသနာပါတယ်။ စင်တွေဘာတွေလည်း မကြောက်ဘူး။ တက်ဆိုလိုက်တာပဲ။ ကြီးလာတော့ အဖေကအနုပညာရှင်တစ်ယောက် မှန်း၊ လူရွှင်တော်တစ်ယောက်မှန်းသိတော့ အဖေ့ကို ကျွန်တော့်ဝါသနာပြောပြတယ်။ ကျောင်းမှာ အငြိမ့်စကတယ်။ အဖေက အကုန်သင်ပေးပါတယ်” လို့ သူ ကပြောပါတယ်။ သူ့ကိုလူတွေ သိကြတယ်ဆိုတာကလည်း ဖခင်ဖြစ်သူကြောင့်ဖြစ်ပါတယ်လို့ လည်း သူကရိုးသားပွင့်လင်းစွာပြောပြပါတယ်။

”ကျွန်တော်ခံယူထားတာကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဦးမေတ္တာရဲ့သားလို့ ခံယူမထားဘူး။ ကိုယ့်ကိုယ် ကိုယ်တစ်ယောက်တည်း ကြိုးစားချင်တယ်။ စော်ကားတဲ့ပုံစံမျိုးမဟုတ်ပါဘူး။ ဦးမေတ္တာသားလို့ သတ်မှတ်လိုက်ပြီဆိုရင် ကိုယ့် ကိုယ်ကိုယ်တစ်မျိုးကြီးပဲဖြစ်သွားမယ်။ အပြင်လူက စကားပြောတာကအစ ကြားထဲမှာအဟန့်အတားဖြစ်သွားမှာစိုးတယ်။ ကျွန်တော်စကားပြောတာပဲဖြစ်ဖြစ်၊ အလုပ်ပိုင်းမှာပဲဖြစ်ဖြစ် အောက်ကနေပဲ စကားပြောတယ်။ ဦးမေတ္တာသားဆိုတာကြီးကို မေ့ထားတယ်။ အဲဒါမှ ကျွန်တော်အလုပ်လုပ်ရတာလည်း ကောင်းတယ်။ ပြီးတော့အဖေကိုယ်တိုင်ကလည်း ကျွန်တော့်ကိုပြောထား တယ်။ မင်းအလုပ် မင်းဘာသာ မင်းလုပ်တဲ့။ ငါ့ကိုမတိုင်ပင်နဲ့၊ ငါလည်းဝင်မစွက်ဖက်ဘူး။ မှားနေရင် ငါပြောမယ်တဲ့။ ကျွန်တော် လည်းအလုပ်တစ်ခုလုပ်ပြီး စကားတစ်ခုပြောပြီဆိုရင် ကျွန်တော်ရိုရိုသေသေပြောတယ်။ ဦးမေတ္တာသားဆိုပြီးလည်း မာရေ ကျောရေမရှိဘူး။ ဦးမေတ္တာရဲ့ သားတစ်ယောက်အနေနဲ့ အဖေ့ခြေရာကိုတော့နင်းမယ်။ သို့ပေမယ့် အဖေ့ခြေရာကို မတူတဲ့ပုံစံနဲ့ လျှောက်မယ်ဆိုတဲ့ ခံယူချက်နဲ့ခံယူထားပါတယ်” လို့ ပြောပါတယ်။ ပြက်လုံးနဲ့ ပတ်သက်ပြီးတော့ ဖခင်ဖြစ် သူကတော့ အမြဲဆုံးမလေ့ရှိပြီး အောက်လုံးတွေပါတဲ့ပြက်လုံးမျိုးကို မပြက်ဖို့ အမြဲပြောကြားတယ်လို့ သူကပြောပါတယ်။ သူ့အနေနဲ့လည်း အဖေ့စကားကို အမြဲနားထောင်လေ့ရှိပြီး အတွေးအခေါ်ပါတဲ့ပြက်လုံးမျိုးကိုသာ ပြက်လေ့ ရှိကြောင်း သူကဆက်လက်ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here