သက်ငယ် မုဒိမ်းမှုအတွက် ထိရောက် တိကျ ပြင်းထန်တဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်စေချင်တယ် မရီရီသာ

0
87

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုများဖြစ်ပွားမှုဟာ ယခင်နှစ်ကထက်များစွာ တိုးတက်လာတာတွေ့ရပါတယ်။ ဒီလိုဖြစ်ပွားမှုများပြားလာတာကြောင့် မိဘများအနေနဲ့လည်း မိမိတို့ရဲ့ကလေးငယ်များအတွက် စိုးရိမ်ပူပန်မှုတွေများစွာရှိနေပါတယ်။ ဒီလိုသက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့Yangon Academy International School ရဲ့ Managing Director လည်းဖြစ်သလို Classic Ms Golden Land Myanmar 2017 အလှမယ်တစ်ဦးလည်းဖြစ်တဲ့ မရီရီသာနဲ့ သက်ငယ်မုဒိမ်းမှုအကြောင်းကို အခုလို တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။ မရီရီသာက သက်ငယ်မုဒိမ်းမှုအတွက် လိင်အကြမ်းဖက်မှုရပ် ဆိုတဲ့ အဖွဲ့နဲ့ပူးပေါင်းပြီး မတ်လ ၁၈ ရက်နေ့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ သက်ငယ်မုဒိမ်းမှု ဆန့်ကျင်ကြသူများ ဆုံရပ်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားမှုများပြားလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

အကြောင်းရင်းတွေကတော့ အများကြီးပဲရှိပါတယ်။ အဲဒီထဲမှာတော့ အရင်တုန်းကပြောခဲ့သလိုမျိုး အကြောင်းတွေထက်စာရင် အခုနောက်ပိုင်း ကျွန်မသွားရင်းနဲ့ သိလာတဲ့အကြောင်းတွေကတော့ လူတွေမှာ ပညာရေး အသိÓဏ်နည်းပါးတယ်။ စီးပွားရေးအခြေအနေ မပြေလည်ကြဘူး။ အဲဒီအပြင် စောင့်ထိန်းအပ်တဲ့၊ သိသင့်သိထိုက်တဲ့ကိစ္စတွေကို မသိတာ လည်းပါပါတယ်။ ဥပမာ သိပ်ကိုမပြေလည် ဆင်းရဲတဲ့အခါကျတော့ တစ်အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ မိသားစုတွေအတူတူနေတယ်။ ဖုန်းထဲမှာ လင်မယားချင်းကြည့်ကြမယ်ဆိုတဲ့ ကိစ္စမျိုးတွေမှာ ဘေးမှာ ကလေးတွေရှိနေလည်း မဆင်ခြင်ဘဲကြည့်ကြတယ်။ ဒါတွေက မိဘ တွေ စောင့်ထိန်းရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီလိုမျိုးကိစ္စတွေ အများကြီးတွေ့နေရပါတယ်။ တယ်လီဖုန်းတွေ၊ မူးယစ်ဆေးတွေကလည်း အရေးကြီးတဲ့ အကြောင်းအချက်တွေထဲမှာ ပါဝင်ပါတယ်။

အစ်မအနေနဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ဖြစ်တာ ဘာကြောင့်လဲ။

အမှန်တကယ်ကတော့ ကျွန်မနိုင်ငံခြားမှာနေတဲ့အချိန်မှာ သတင်း တွေဖတ်ရတယ်။ ကလေးတွေ ဘယ်လိုမှ အားမရှိတဲ့၊ အားနည်းတဲ့ ကလေးတွေ လူ့လောကမှာ အခုမှဘဝစလာတဲ့ကလေးတွေကို ဒီလိုမျိုးလုပ်တာ မကြိုက်တဲ့ အတွက် တတ်နိုင်တဲ့ဘက်က ဝင်ကူညီမယ်ဆိုပြီး ဒီအလုပ်ကိုလုပ်တယ်။ နယ်တွေ လျှောက်သွားတဲ့အခါမှာ ထင်တာထက်ပိုပြီးဆိုးနေတာလည်းတွေ့ရတယ်။ အခု သတင်းတွေမှာပါနေတဲ့အမှုတွေဆိုတာက နည်းနည်းလေးပဲ။ အများကြီးပဲရှိတဲ့ အမှုတွေလည်းရှိပါတယ်။ ဒါပေမဲ့တစ်ဖက်ကလည်း နိုင်ငံတော်က လူကြီးတွေ လည်း အကုန်လုံးသိကြပြီးသားဖြစ်မှာပါ။ ဒီလောက်ပြန့်ပွားလာတဲ့ အခြေအနေ မျိုးတွေကို ဝိုင်းဝန်းပြီးတော့ ကူညီကြဖို့ ၊ နိုင်ငံတော်အဆင့်အနေနဲ့ ပညာပေး အစီအစဉ်အဖြစ် ကျောင်းသင်ခန်းစာတွေထဲမှာလည်း sex education ဆို တာ သင်ကြားပေးဖို့၊ အဲဒီလိုသင်ကြားပေးတာကလည်း အမှန်တကယ်က ဒါတွေက ညစ်ညမ်းတာတွေ သင်ပေးတာလည်းမဟုတ်ဘူး။ လူရယ်လို့ ဖြစ် လာရင် အားလုံးမှာရှိတဲ့ စိတ်ခံစားချက်၊ အားလုံးမှာရှိတဲ့ခန္ဓာကိုယ်အနေ အထားအားလုံးကို လူငယ်တွေသိအောင် လူငယ်တွေဘဝထဲကသင်မှ လူကြီးဖြစ်လာတဲ့အချိန်မှာ ထိန်းသိမ်းနိုင်မယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုထိန်းသိမ်းမယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုစောင့်ရှောက်မယ် အဲဒါတွေကိုလည်းသိဖို့အတွက် ကျောင်းသင်ခန်း စာထဲမှာ သင်ပေးသင့်တယ်လို့လည်း ကျွန်မထင်တယ်။ ဒီကိစ္စတွေက ခုမှဖြစ်တာတော့မဟုတ်ပါဘူး။ ဟိုးအရင်တွေကတည်းက ဖြစ်လာခဲ့ကြတယ်။ ဒါပေမဲ့ သတင်းတွေပေါ်လာတယ်။ ပွင့်လင်းလာတဲ့အတွက် ပေါ်လာတယ်။ အခုက ပိုပြီးများလာတယ်။ ဒီဟာကို လုပ်နေရင်းနဲ့ ကျွန်မစိတ်ထဲမှာလည်းမကောင်း ဘူး။ ကျွန်မတို့တွေကလေးတွေအနည်းငယ်ကို ကယ်သွားနိုင်ရင် စိတ်ကျေနပ်မှုဖြစ်လိမ့်မယ်ဆိုတဲ့ အတွက် ဒီကိစ္စကို အင်တိုက်အားတိုက်လုပ်နေတာပါ။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ဘယ်လိုပြစ်ဒဏ်မျိုး ချစေချင်ပါသလဲ။

ကျွန်မအရင်တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှသိပ်မသိဘူး။ ကျွန်မက ကလေးကျောင်းဆရာမ။early childhood နဲ့ ကျွန်မကျောင်းပြီးတယ်။ နောက်တစ်ခုကchild psychology ကို ဆက်ပြီး တက်တယ်။ ကလေးတွေက ဒီခံစားချက်ဖြစ်ရင် normal မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် လိုက် လုပ်ပေးနေတယ်။ လုပ်ပေးနေရင်းနဲ့ ဥပဒေပညာရှင်တွေကို လိုက်မေးကြည့်တယ်။ မြန်မာနိုင်ငံမှာ under 8 အတွက် ဥပဒေမရှိဘူး။ ဒါကလည်း ဟိုးအရင်ခေတ်ကတည်းက မြန်မာတွေဟာ ယဉ် ကျေးမှုကို စောင့်ထိန်းပြီး ရှက်ကြောက်ပြီး တစ်ဦးနဲ့တစ်ဦး လေးစားစွာနေထိုင်ခဲ့တဲ့အတွက် မရှိတာ ပဲလား ကျွန်မလည်း မပြောတတ်ဘူး။ ဒါပေမဲ့လည်း မရှိဘူးဆိုတာ ကျွန်မအံ့အားသင့်စွာသိခဲ့ရတယ်။ နိုင်ငံတကာမှာဆိုရင် သက်ငယ်မုဒိမ်းမှုဟာ အင်မတန်ကြီးလေးတဲ့အပြစ် ဖြစ်ပါတယ်။ နှစ်ကို ရာနဲ့ချီပြီးထောင်ချကြတဲ့ ပြစ်မှုတွေရှိပါတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတော်ကို ကျွန်မတို့ တောင်းဆိုချင်တာက ထိရောက်၊ တိကျပြီးတော့ ပြင်းထန်တဲ့နှစ်ရှည်ထောင်ဒဏ်အပြင် မည်သည့် နည်းနဲ့မှ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာမပါရဆိုတဲ့အချက်ကို တောင်းဆိုမှာပါ။ သေဒဏ်လို့ပေး လိုက်ပြန်ရင်လည်း တချို့တွေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပါပြီး အပြင်ရောက်နေတဲ့သူတွေ တစ်ပုံ ကြီးပါ။ အဲဒီအတွက်ကြောင့် တိကျ၊ ထိရောက်၊ ပြင်းထန်ပြီး နှစ်ရှည် ထောင်ဒဏ်အပြင် လွတ် ငြိမ်းချမ်းသာခွင့် မရှိဆိုတဲ့အချက်ကိုပဲ တောင်းဆိုချင်ပါတယ်။

ကျောင်းတွေမှာsex education တွေကို ဘယ်လိုသင်ကြားပေးစေချင်ပါသလဲ။

တချို့ကျောင်းတွေမှာ sex education နဲ့ပတ်သက်ပြီး သင်ကြားပေးနေတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ ဆရာမတွေအနေနဲ့ ငယ်ရွယ်တဲ့ ဆရာမတွေ၊ အပျိုအရွယ်ဆရာမတွေက ဒါကိုရှက်လို့ဆိုပြီး မသင်ဘူးလို့လည်းကြားပါတယ်။ ဒါရှက်စရာမဟုတ်ပါဘူး။ ဒါဟာသိသင့်သိထိုက်တယ်။ ကလေးတွေက သိရမယ်။ ကျွန်မကလေးဆရာမ။ ကလေးတွေ ပေါက်စလေး ၂နှစ်ဆို သူတို့စကားတတ်လာပြီး သိလာပြီဆိုတဲ့ အရွယ်ကစပြီး ကလေးတွေကို body part တွေ သင်ပေးရမယ်။ သင်ပေးတဲ့အပြင် မထိရမကိုင်ရ။ မိမိရဲ့ Privacy ၊ ဒါက မိမိနေရာ ၊ ဒါက မင်းနေရာ၊ ဒါကငါတို့နေရာဆိုတဲ့ နေရာ အပိုင်းအခြားလေးတွေကအစ ခွဲခြားပြီးသိအောင် သင်ပေးထားပါတယ်။ ကလေးတွေက ငယ်ငယ်က တည်းကသိတာ ဒါကငါ့ကိစ္စ သူမကျူးကျော်ရဘူး။ ဒါသူ့ကိစ္စ ငါမကျူးကျော်ရဘူး။ အဲဒီလို မျိုးကိစ္စတွေ သိအောင်သင်ပေးတယ်။ အဲဒီလိုနဲ့ အရွယ်ရောက်လာလို့ နည်းနည်းသိတတ် လာတဲ့အချိန်မှာ ဒီ့ထက်ပိုပြီး စိတ်ခံစားချက်တွေ သင်ပေးတယ်။ အဲဒါတွေ သိလာတဲ့ အခါကျတော့ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ ကလေးတွေ ဝေဖန်ပိုင်းခြားနိုင်လာတယ်။ ဒါကြောင့်မို့လို့ ဆရာမတွေ၊ သင်ကြားပေးမယ့်သူတွေကိုလည်း နိုင်ငံတော်အနေနဲ့ အရင်ဆုံး ပညာပေးသင့်ပါတယ်။ ဒါဟာမကောင်းတဲ့ အချက်မဟုတ် ဘူး။ လုပ်သင့်လုပ်ထိုက်လို့ လုပ်ရတယ်ဆိုတဲ့အကြောင်း အချက်ကိုပါ ပညာပေးစေချင်ပါတယ်။

ခိုင်ဝေလွင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here