သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် နှစ် ၂ဝ ထက်ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ လွှတ်တော်မှာသွားရောက်တောင်းဆိုမှုပြုလုပ်မယ့် ခိုင်နှင်းဝေ

0
265

ကလေးသူငယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အထူးသံတမန် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ အခုလက်ရှိမြန်မာနိုင်ငံမှာ သက်ငယ် မုဒိမ်းမှုတွေ များစွာဖြစ်ပေါ်နေတဲ့အပေါ်မှာ ရှေးအစဉ်အဆက် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်လာတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဒီလိုကိစ္စမျိုးတွေဆိုတာ လုံးဝကို မဖြစ်သင့်ကြောင်း ပြောလာပါတယ်။

”အစ်မတို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေအနေနဲ့ ကြားလို့ လည်းမကောင်းဘူး။ တခြားသူများတွေနိုင်ငံတွေထက် ကိုယ့်ဗမာလူမျိုး ဆိုတာ အစဉ်အဆက်က ယဉ်ကျေးမှုထိန်းသိမ်းတယ်။ မြန်မာလူမျိုးဆိုရင် လူတွေက အထင်ကြီးကြတယ်။ အဲဒီလိုမျိုးမှာမှ ဒီလိုသက်ငယ်မုဒိမ်းမှု တွေဖြစ်တယ်ဆိုတော့ လူကြားလို့မကောင်းဘူး။ ဒီလိုမျိုးကလေး တွေအပေါ်မှာ အနိုင်ကျင့်စော်ကားတယ်ဆိုတာမဖြစ်သင့်ဘူး။ကလေးတွေ မိဘတွေမပြောနဲ့ အစ်မတို့ဘေးကမြင်တွေ့နေရတဲ့ သူတွေတောင်မှ စိတ်မကောင်းဖြစ်ရတယ်။ သူတို့ကိုယ်စား စိတ်နာ ရတယ်။ ဒီလိုကိစ္စမျိုးတွေက မဖြစ်သင့်ဘူးလေ”လို့ ခိုင်နှင်းဝေက ပြောပြပါတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ပေးမှု တွေဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်အနှစ် ၂ဝ သာရှိကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မတ်လဒုတိယပတ်ထဲမှာ ခိုင်နှင်းဝေအပါအဝင် NGO အဖွဲ့ ၉ ဖွဲ့က လွှတ်တော်မှာသွားရောက် တောင်းဆိုဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့သိရပါတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ခိုင်နှင်းဝေ တောင်းဆိုမယ့် အချက်တွေက . . .

”အဲဒါကို နေပြည်တော်လွှတ်တော်မှာ အစ်မတို့ သွားတောင်း ဆိုကြမယ်။ ဘာလုပ်ပေးသင့်လဲဆိုတာထက် ဘာလုပ်သင့်လဲဆိုတာကို အစ်မတို့ကအကြံဥာဏ်ပေးပြီးတော့ အစ်မတို့အဖွဲ့အစည်းအပြင် အခြား NGO အဖွဲ့အစည်းတွေအများကြီးနဲ့ပေါင်းပြီးသွားကြမယ်။ အဖွဲ့အစည်း ၉ ခုပေါ့။ ဘယ်အဖွဲ့အစည်းက ဘယ်အချက်တောင်းဆိုမလဲ၊ ဥပဒေအကြောင်းအရာကိုတောင်းဆိုမယ်၊ ဘာကိုကြိုတင်လုပ်မလဲ အဲဒီလိုမျိုးအကြောင်းအရာတွေကိုပေါ့နော်။ အစ်မကတော့ ကလေးတွေခံစားရတာတွေ၊ ရုံးချိန်းကိုမလာတဲ့ တရားခံတွေကို ရုံးချိန်းလာအောင် ဘယ်လိုလုပ်ပေးမလဲ။ နောက်ပြီးတော့ ဒီလိုကိစ္စကို ဘယ်လိုကြီးလေးတဲ့ပြစ်ဒဏ်ပေးမလဲ၊ ထောင်ဒဏ်နှစ် ၂ဝ ဆိုတာထက်ကို ဘယ်လို မျိုးထက်ပါပြီးတော့လုပ်ပေးနိုင်မလဲ။ အခုလိုခံစားရတဲ့ကလေးတွေကို ဘာတွေကြိုတင်ကာ ကွယ်ပေးမလဲ။ သေသွားရတဲ့ ကလေးတွေရဲ့မိဘတွေကို ဘယ်လိုမျိုးထောက်ပံ့ပေးမှုတွေလုပ် ပေးနိုင်မလဲ။ အဲဒီလိုမျိုးအစုံတောင်းဆိုသွားမှာပါ”လို့ သူတောင်းဆိုမယ့် အကြောင်းအရာ တွေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ မိဘတွေအနေနဲ့ကလည်း ကိုယ်ရဲ့သားသမီးတွေဒီလို ကိစ္စမျိုးတွေနဲ့မကြုံတွေ့ရဖို့အတွက် ဘယ်လိုစောင့်ရှောက်သင့်လဲဆိုတာကို ခိုင်နှင်းဝေက..

”ကာကွယ်သင့်တာကတော့ မိဘတွေအနေနဲ့က ဘေးပတ်ဝန်းကျင်ကို မယုံကြည်သင့်ဖို့ ပေါ့နော်။ ဘေးပတ်ဝန်းကျင်ကလူတွေကို ယုံကြည်ပြီးတော့ ကိုယ့်သားသမီးကို မပေးလိုက် သင့်ဖို့ပေါ့နော်။ ကိုယ့်ရဲ့သားသမီးကို ကိုယ့်ရဲ့ရင်ခွင်မှာပဲ ကိုယ့်ရဲ့မျက်စိရှေ့မှာပဲထားပြီး တော့ပဲ ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ မိဘတွေအနေနဲ့ အရင်ဦးဆုံးကာကွယ်ရမှာပါ။ ဒီကိစ္စဖြစ်သွားရင်လည်း မကြောက်ဘဲ မရှက်ဘဲ ရဲကိုတိုင်သင့်တယ်။ ရပ်ကွက်လူကြီးတွေထံ တိုင်ချက်ဖွင့်ပြီး လုပ်သင့်တယ်ပေါ့နော်။ ပတ်ဝန်းကျင်က တချို့ကျ ကိုယ်ကမြင်တွေ့ပေမယ့် ကိုယ့်ကအမှုပတ်မှာစိုးလို့ မတိုင်ကြတာရှိတယ်။ အဲဒီလိုမျိုးတွေမလုပ်ကြဖို့ပေါ့နော်”လို့ပြော ပြခဲ့ပါတယ်။ အခုလက်ရှိမှာလည်း သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး လာရောက်တိုင်ကြားတာ အကူအညီတောင်းတာတွေရှိနေပြီး သူ့အနေနဲ့ကတော့ ကလေးတွေရဲ့ ကျန်းမာရေး ပြီးတော့ အမှုဖွင့်တယ်ဆိုရင်လည်း ရုံးချိန်းလာဖို့အတွက် ငွေကြေးအထောက်အပံ့တွေသာ ပေး နိုင်ကြောင်း ခိုင်နှင်းဝေက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

 


LEAVE A REPLY

Please enter your comment!
Please enter your name here