ဒရာမာ မင်းသမီး မျိုးသန္တာထွန်း ရဲ့ ဟာသဇာတ်ရုပ် ရိုက်ကူးမှု အခက်အခဲ

0
144

တစ်ခေတ်တစ်ခါက ဒရာမာ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း က အခုလက်ရှိအချိန်မှာတော့ အကယ်ဒမီအကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ လုပ်ဆောင်ပေးနေပါတယ်။ အနုပညာ အလုပ်တွေကို ခပ်ကျဲကျဲပဲလုပ်ကိုင်တော့တဲ့ မျိုးသန္တာထွန်းရဲ့ ဇာတ်ကားအသစ် လှုပ်ရှားမှုအသစ်တွေကို အခုနှစ် ပိုင်းမှာ ပရိသတ်တွေ ပြန်လည်မြင် တွေ့ကြရပါတယ်။ ကိုယ်တိုင်က ဒရာမာကိုအားသန်ပေမယ့် ဟာသဇာတ်ကား တွေကိုလည်း ကြိုက်ပါ တယ်ဆိုတဲ့ မျိုးသန္တာထွန်းရဲ့ဟာသရိုက်ကူးမှုအတွေ့အကြုံတွေက…

”အစ်မက ဇာတ်ကားမရိုက်ဖြစ်တာ တစ်နှစ်ကျော်ကျော် နှစ်နှစ်ဝန်းကျင်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ နှစ်လောက်က ကြယ်ဆိုတဲ့ ဇာတ်ကားလေးတော့ရိုက်ဖြစ်သေးတယ်။ မတ်လထဲမှာတော့ ဇာတ်လမ်းအသစ်လေးတစ်ခုကို လက်ခံထားပါတယ်။ အစ်မက အရင်ကတည်းကိုက ဒရာမာတွေပဲ ရိုက်တာများတယ်။ ဟာသဇာတ်ကားရိုက်ကူးတာ ကိုရှားတယ်။ အစ်မကိုယ်တိုင်လည်းလေးလေးပင်ပင်ဇာတ်ရုပ်တွေကို ပိုပြီးကြိုက်တယ်။ ဒါပေမဲ့ ကိုယ်က ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင် ဟာသကား ကိုလည်း ကြိုက်တယ်။ ဟာသဇာတ်ကားရုံတင်ရင်လည်းသွားသွား ကြည့်ဖြစ်ပါတယ်။ လူတစ်ယောက် အတွက်က ပျော်ရွှင်မှုဆိုတာလည်း လိုအပ်ပါတယ်။ ဝါစိမ်းနီ ဇာတ်လမ်းတွဲ လေး မှာ ပါဝင်ရိုက်ကူးတော့စိုးရိမ်ကြောင့်ကြမှုတွေတော့ရှိတာပေါ့။ ဟာသဆိုတာကို သိပ်ပြီး မကျွမ်းကျင်မှာတအားစိုးရိမ်တယ်လေ။ ဒါပေမဲ့ဆရာဦးညီညီ ထွန်းလွင်ခိုင်းတဲ့ ဇာတ်ရုပ်နဲ့လည်း ကိုယ်နဲ့ကလည်း သဟဇာတဖြစ်သွား တယ်။ ပရိသတ်တွေ ကလည်း မျိုးသန္တာထွန်းကိုအမြင်တစ်မျိုးလေးနဲ့ မြင်ရတော့ သူတို့လည်း ကြိုက်ကြတယ်ဆိုပြီးကြားရတယ်။ ဒီလိုလေးကြားရတော့ လည်းဝမ်းသာပါတယ်။ အနုပညာနဲ့ပတ်သက်တဲ့ ဖန်တီးမှုအရာရာ တိုင်းက တန်ဖိုးရှိ ပါတယ်” လို့ပြောပြပါတယ်။

အနုပညာသက်တမ်း၂၇နှစ်ရှိပြီဖြစ်တဲ့ မျိုးသန္တာထွန်းအတွက် သရုပ်ဆောင်အလုပ်ကို သိပ်မလုပ်ဖြစ်တော့ပေမယ့် အနုပညာ နဲ့သက်ဆိုင်တဲ့လုပ်ငန်းကို လုပ်ကိုင်သွားချင်တယ်လို့ဆိုပါ တယ်။

”အစ်မက အသက်၁၈နှစ်၊ ၁၉နှစ်လောက်ကတည်းက ဇာတ်ကားတွေမှာပါဝင်ရိုက်ကူးလာတာပါ။ ဟိုအရင်က အစ်မသရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတွေ တီဗီမှာပြန်လာရင် ကြည့်ဖြစ်တယ်။ ဝမ်းလည်းသာတယ်။ အရင်ကကိုယ်ရိုက်ကူးတဲ့ဇာတ်ကားတွေရှိပေမယ့်အခုသိပ်မ ရိုက်ကူးဖြစ်တော့ အရင်က ဇာတ်ကားတွေကို ကြည့်ရှုပြီးမှ သိတဲ့ကလေးတွေရှိတယ်။ ဒါကြောင့် အစ်မကိုမသိသေးတဲ့ လူတွေလည်း သိသွားတယ်။ အရင်ကတည်းက ပရိသတ် တွေ လည်းပြန်လည်ပြီးကြည့်လို့ရတယ်။ အနုပညာပိုင်းနဲ့ပတ် သက်လို့ အစ်မက ထုတ်လုပ်ရေးပိုင်းကိုလည်းလုပ်ဖို့ စိတ်ကူးရှိပါတယ် ” လို့ မျိုးသန္တာထွန်းက ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here