သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးဖို့ အနုပညာရှင်တို့ တိုက်တွန်းစကားသံများ (၁)

0
201

အခုတလော မြန်မာပြည်တွင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို လိင်အကြမ်းဖက် သတ်ဖြတ်ကြတဲ သက်ငယ်မုဒိမ်း ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားကာ တရားဥပဒေအကာအကွယ်မဲ့နေပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ ကလေးငယ်များရော အမျိုးသမီးငယ်များပါ ဘဝလုံခြုံမှု ကင်းမဲ့နေကြပါတယ်။ဒါ့အပြင် သက်ငယ်မုဒိမ်းဖြစ်စဉ်များဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်ကြတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် လူမျိုးဂုဏ်ပျက်စေကာ ကမ္ဘာ့လူ့ဘောင် အသိုင်းအဝိုင်းမှာ အရှက်ရ မျက်နှာပျက်စရာ အရိုးဆိုး အကျည်းတန်လှတဲ့ ရာဇဝတ်မှုကြီး ဖြစ်လို့နေပါပြီ။ မြန်မာပြည်တွင်းက ပြည်သူလူထုတို့ကလည်း သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုနေကြတာမို့ သက်ငယ်မုဒိမ်းကျူးလွန်တဲ့ ရာဇဝတ်ကောင်များအပေါ် ပြည်သူ့တရားစီရင်ရေးနဲ့ တရားဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ကာ သေဒဏ်ပေးကွပ်မျက်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ရှင်းလင်းဖယ်ရှားစေလိုတဲ့ အနုပညာရှင်တို့ရဲ့ တိုက်တွန်းစကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

ရွှေသမီး

 ဒီကိစ္စကြီးက ခုတလော တအားမြင်တွေ့ကြားသိနေရတယ်။ ကြားသိရပြန် တော့လည်း အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို မုဒိမ်း ကျင့်သတ်ဖြတ် နေတဲ့ သတင်းတွေကို နေ့စဉ်နေ့တိုင်းလိုလို ဖေ့စ်ဘုတ်ခ်ပေါ်မှာ မြင်နေရ တယ်။ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကလေးတွေရဲ့ မိသားစုတွေ အတွက်လည်း စိတ်မကောင်းဘူး သနားမိတယ်။ ကျူးလွန်တဲ့သူတွေကိုလည်း တကယ့်ကိုထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်ပါတယ်။ နောက်ထပ် ဘယ်သူမှ မကျူးလွန်ရဲအောင် မလုပ်ရဲအောင် အပြစ်ပေးသင့်ပါတယ်။ နောက်နောင်လည်း ဒီလိုအမှားမျိုးတွေ မလုပ်သင့်တဲ့အလုပ်မျိုးတွေ မလုပ်မိကြအောင် ဆင်ခြင်သင့် ပါတယ်။ ပြစ်မှုကျုးလွန်သူတွေကိုတော့ သက်ဆိုင်ရာကနေ ကြီးမားတဲ့ ပြစ်ဒဏ် ပေးဖို့မျှော်လင့်ပါတယ်။

*******************

ပိုင်ဖြိုးသု

သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ကမ်ပိန်းတွေ လုပ်လာတာ ကောင်းတယ် လို့ မြင်ပါတယ်။ ထိထိရောက်ရောက် ပညာပေးဖို့လိုနေပြီ။ ဖြစ်စေချင်တာ ကတော့ အများလည်း ဖြစ်စေချင်နေသလို ထိရောက်တဲ့ တရားဥပဒေတစ်ခုခု၊ ပြစ်ဒဏ်ကိုလည်း ကြီးမားတဲ့ ပြစ်ဒဏ် ဥပမာ သေဒဏ်လိုမျိုးကို ပေးသင့်တယ် လို့ ထင်တယ်။ ကလေးလေး ရိုးရိုးအရွယ်ရောက်နေတဲ့ မိန်းကလေးအပေါ်မှာ ကျူးလွန်ရင်တောင် ခွင့်လွှတ်နိုင်စရာလုံးဝမရှိတဲ့ အပြစ်တစ်ခု၊ အဲဒီအပြစ်ကြီး ကိုမှ တကယ့်အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို လုပ်တယ်ဆိုတာ တော်တော်လူမဆန်တဲ့လူမျိုးတွေ အဲဒီလိုလူမျိုးအတွက် ကြီးလေးတဲ့ပြစ်ဒဏ် ရှိသင့်တယ်။ ဒီလိုလူတွေကို ဒီလိုအပြစ်ပေးတယ်ဆိုပြီး လူအများသိရှိသွားအောင် ကျူးလွန်မယ့်သူတွေ ကြောက်တတ်သွားအောင် တစ်ခုခု ပြင်းပြင်းထန်ထန် လုပ်သင့်တယ်လို့ ညီမယူဆပါတယ်။ မြန်မာစကားပုံလည်း ရှိတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလိုပဲ မကောင်းတဲ့လူတွေလုပ်လိုက် တာ မိန်းကလေးတွေကလည်း စိတ်ထဲမှာမလုံခြုံတော့ဘူး။ အမျိုးကောင်း သားသမီးတွေလည်း အလုပ်လုပ်ပြီး  အိမ်ပြန်လို့ရှိရင် လုံခြုံမှုမရှိဘူးလို့ ခံစားရ တယ်။ မိဘဆိုရင်လည်း ကိုယ့်သားသမီးအတွက် တကယ့်ကို ပူနေရပြီ။ အရင် တုန်းကဆိုရင် ၄ နှစ် ၅နှစ် ကလေးပဲ မိဘမအားလို့ အိမ်နီးချင်း ဘယ်သူက သွားကြိုမယ်ဆိုရင် စိတ်ချခဲ့ရတယ်။ အခုနောက်ပိုင်း အဲဒီလိုလူတချို့ ရှိလာတဲ့ အချိန်မှာ လူတိုင်းက ဒီလိုလူတွေလားဆိုပြီး မိဘကလည်း ပူရတယ်။ ကာယကံရှင် မိန်းကလေးတွေကလည်း ပူရတယ်။ တစ်ဖက်မှာလည်း တကယ်ကောင်းကောင်း မွန်မွန်နေတဲ့လူတွေအတွက်လည်း မကောင်းဘူး။ အဲဒါကြောင့် ဥပဒေတင်း တင်းကျပ်ကျပ်နဲ့ ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်လို့ ထင်ပါတယ်။

*******************

ရွှေပိုးအိမ်

သက်ငယ်မုဒိမ်းမှုတွေ အခုလိုဖြစ်လာတာက တော်တော်လေး စိတ် မကောင်းဖြစ်ရပါတယ်။ ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးစေချင်တယ်။ နောက်ထပ်အခုလိုမျိုးတွေ ထပ်မဖြစ်ပွားအောင်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေက လုပ်ပေးစေချင်တယ်။ အခုက တစ်နေ့ကို တစ်ယောက်လောက်ဖြစ်နေတဲ့ အပေါ်မှာ အလွန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ နောက်တစ်ခု ကလေးငယ် တွေ သတ်ဖြတ်ခံရပြီး ဖေ့စ်ဘုတ်ခ်ပေါ်တင်တဲ့အခါမှာ ကလေးငယ်တွေရဲ့နာမည် နဲ့ မျက်နှာလေးတွေကို ဖုံးအုပ်ပြီးတော့ တင်စေချင်တယ်။ ကလေးတွေကို တစ်ရှက်ကနေ၊ နှစ်ရှက်မဖြစ်စေချင်ပါဘူး။ ညီမလည်း ၁၈ ရက်နေ့မှာ သက်ငယ်မုဒိမ်းအတွက်လုပ်မယ့် ဟောပြောပွဲမှာ ညီမလည်း သွားနားထောင် မယ်။ ညီမတို့ အနုပညာရှင်တွေဘက်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီနေပါတယ်။ ညီမလည်း ကြိုးစားပြီး ပါဝင်ကူညီသွားမှာပါ။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here