ဘာသာဗေဒနှင့် ကျွန်တော်(၅)

0
214

ရှမ်းပြည်နယ်သို့ သုတေသန ခရီး ပြည်နယ်သို့ သုတေသန ခရီး  သွားပြီး နောက်တစ်ကြိမ် ကယားပြည်နယ်သို့ ကျွန်တော်တို့ အဖွဲ့ သုတေသန ကွင်းဆင်းရသည်။ ဆရာကြီး ဦးရွှေသွင် ဦးဆောင်ပြီး ဦးကျော်လှိုင်နှင့် ကျွန်တော်က အဖွဲ့ ဝင်ဖြစ်သည်။ ဆရာကြီး ဦးသန်းဦး၏ စီစဉ်ထားချက်အရ ကယားပြည်နယ် ပညာရေးမှူး ဆရာကြီး ဦးအောင် သိန်းနှင့် လွိုင်ကော်မြို့နယ် ပညာ ရေးမှူး ဆရာမကြီး ဒေါ်သန်းတို့ အမှူးပြုသော ပညာရေးဌာနမှ ပုဂ္ဂိုလ်များက အစစအကူအညီပေး ကြသည်။ လွိုင်ကော်ကို ဗဟိုပြု၍ အနီးအနားရှိ ချိကယ်ရွာ၊ ပကျဲရွာ မူလတန်း ကျောင်းများမှ ကလေးများ မြန်မာစာသင်ပုံကို လေ့လာသည်။ မြို့ပေါ်ရှိ လောကဓမ္မ မူလတန်း ကျောင်းမှာလည်း လေ့လာသည်။ ကယားဘာသာစကားကို သုတေ သနပြုရာတွင် အမေးခံပုဂ္ဂိုလ်အဖြစ် ဆရာဦးမောင်သိန်းနှင့် ဆရာမ ဒေါ်အမားလျာ ခေါ် ဒေါ်ဘူးမြာ တို့ က ဆောင်ရွက်ပေးသည်။

အမေးခံ ပုဂ္ဂိုလ်များ၏ ကယားစကားသံများ ကို အသံသွင်းယူခြင်း၊ သူတို့ ရှင်းပြ သော ကယားစကား အဓိပ္ပါယ်များ ကို လေ့လာမှတ်သားခြင်းတို့ကို ဆောင်ရွက်ကြသည်။ ၂ ပတ်ခန့် လေ့လာပြီးနောက် ကယားစကားသံ များကို သဒ္ဒဗေဒအက္ခရာဖြင့် ရေး မှတ်ခြင်း၊ စကားသံနှင့် ဝါကျဖွဲ့ပုံကို လေ့လာခြင်း၊ ဝေါဟာရများ၏ အဓိပ္ပါယ်ကို လေ့လာခြင်းတို့ ပြုလုပ် ကြသည်။  ပညာရေးဌာနက ပုဂ္ဂိုလ်များ အပြင် ဆရာကြီးဦးရွှေသွင်နှင့် ညီအစ်ကိုတော်သော ဆည်မြောင်း ဦးစီးဌာနမှူး ဆရာဦးအောင်ပါသိန်း ကလည်း အကူအညီပေးပါသည်။ ကျွန်တော့်မိတ်ဆွေ ကိုတင်ထွန်းကို ဗိုလ်ကြီးတင်ထွန်းအဖြစ် ဆုံရသည်။ လောပီတလေ့လာရန် သူကစီစဉ် ပေးသည်။ ဦးအောင်ပါသိန်းက မိုးဗြဲ ရေကာတာတို့၊ ငွေတောင်ဆည်တို့ လိုက်ပို့ပေးသည်။ တိုင်းရင်းသား ဘာသာစကားတစ်ခုကို ကွင်းဆင်း လေ့လာရသည့် အတွေ့အကြုံတစ် ခုထပ်၍ ရပါသည်။

ဤတစ်ကြိမ်တွင် လည်း ကယားဘာသာစကား သုတေ သန အစီရင်ခံစာပြုစုပြီး မြန်မာနိုင်ငံ ပညာရေးသုတေသနဗျူရိုသို့ တင် သွင်းနိုင်ခဲ့ပါသည်။  ၁၉၇၇ ခုနှစ်မှာ ကျွန်တော် ပညာရေးတက္ကသိုလ်မှ ပုသိမ်ကော လိပ်သို့ ပြောင်းရသည်။ ပုသိမ်ကော လိပ် မြန်မာစာ စတုတ္ထနှစ် ကျောင်း သားများကို ဘာသာဗေဒသင်ရသည်။ ဒေါ်စောကြည်ကြည်က သဒ္ဒဗေဒ သင်သည်။ ဤသို့ဖြင့် ကျွန်တော်သည် ဘာသာဗေဒနှင့် အဆက်မပြတ်ဘဲ ဆက်ပြီးဖတ်ဖြစ်ပါသည်။ ရန်ကုန် မှာတုန်းက ပညာရေးတက္ကသိုလ် စာအုပ်ဆိုင်က ဝယ်ခဲ့သော ဘာသာ ဗေဒစာအုပ်များကို ပုသိမ်မှာ အေး အေးဆေးဆေးဖတ်ချိန်၊ လေ့လာချိန် ရပါသည်။ နောင်တွင် အဝေးသင်တက္က သိုလ် ဖြစ်လာမည့် တက္ကသိုလ်စာ ပေးစာယူသင်တန်းအတွက် ဘာသာ စကားဆောင်းပါးများ ပြဋ္ဌာန်းရာတွင် ကျွန်တော်၏ ‘လူ့ကိုယ်ခန္ဓာနှင့် ဘာ သာစကား’ ဆောင်းပါးကို ထည့်သွင်း ပြဋ္ဌာန်းထားကြောင်း ဆရာမကြီး ဒေါ်ခင်ခင်အေးက စာရေး၍ အကြောင်းကြားသည်။ ကျွန်တော့် အတွက် ဝမ်းသာစရာဖြစ်ပါသည်။

၁၉၇၉ ခုနှစ်တွင် ကျင်းပသော မြန်မာနိုင်ငံ သုတေသန ကွန်ဂရက်  အတွက် ‘ဝဇီရဝုဒ္ဓိ ဦးဖိုးစိန်၏ ဘာ သာစာပေဆိုင်ရာ ကြိုးပမ်းချက်များ ‘စာတမ်းကို ကျွန်တ်ာပြုစုတင်ပြရာ လက်ခံသည့်အတွက် ရန်ကုန်သွားပြီး စာတမ်းဖတ်ခဲ့ရသည်။ မြန်မာဘာသာ စကားကို ဘာသာဗေဒအမြင်ဖြင့်ရှုမြင် လျက် ဆရာကြီး ဦးဖိုးစိန်၏ ဘာသာ စကားဆိုင်ရာ ကြိုးပမ်းချက်များကို လေ့လာဖော်ထုတ်ထားပါသည်။  ၁၉၈၁ ခုနှစ်မှာ ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရ သည်။ ဆရာကြီး ဦးရွှေသွင်နှင့် ဆရာမကြီး ဒေါ်ခင်ခင်အေးတို့လည်း ရန်ကုန်တက္ကသိုလ်သို့ ပြန်ရောက်နေ ပါပြီ။ ဆရာကြီး၊ ဆရာမကြီးတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စတုတ္ထနှစ် အထူးပြု မြန်မာစာတမ်းများနှင့် အခြားအထူးပြု ဘာသာများက ယူရ သော အထောက်အကူပြု မြန်မာ စာတန်းများတွင် ဘာသာဗေဒသင်ရ ပါသည်။ သို့ဖြင့် ဘာသာဗေဒနှင့် ဆက်လက်ရေစက်ဆုံရပါသည်။   ထိုစဉ်က မြို့နယ်လမ်းစဉ်လူငယ် အဖွဲ့များက ကမကထပြုပြီး မြို့နယ် အလိုက် စာပေးစာယူ အထောက်  အကူသင်တန်းများ ဖွင့်လှစ်ရာ မြို့ နယ်များ၏ ဖိတ်ခေါ်မှုဖြင့် ကျွန်တော် တို့ ထိုသင်တန်းများတွင် စေတနာ လုပ်အားပေးခဲ့ကြပါသည်။ ပညာဒါန ပြုခြင်းလည်းဖြစ်ပါသည်။

သင်ရိုးများ တွင် ဘာသာဗေဒ၊ သဒ္ဒဗေဒပါဝင် သည့်အတွက် ထိုသင်တန်းများတွင် လည်း ဘာသာဗေဒနှင့် ဆက်လက် ရေစက်ဆုံရပါသည်။ မြန်မာစာဌာန က ဆရာ၊ ဆရာမများပြုစုသော စာပေး စာယူသင်တန်းအတွက် ဘာသာဗေဒ သဒ္ဒဗေဒ ပို့ချချက် လည်း ထွက်နေပြီဖြစ်သည့်အတွက် အဆင်ပြေပါသည်။  ၁၉၈၃ ခုနှစ်တွင် ကျွန်တော်၏ ဘာသာဗေဒအလေ့အလာကို တွန်း အားပေးသော အခြေအနေတစ်ခု ပေါ်ပေါက်လာသည်။ မိတ်ဆွေ ကိုခင်မောင်မြင့် (စာရေးဆရာ အောင်ပြည့် (ကွယ်လွန်) က ချယ်ရီ မဂ္ဂဇင်းကို တာဝန်ယူရသည်။ သူက ချယ်ရီမဂ္ဂဇင်းမှာ ဆောင်းပါးလစဉ် ရေးပေးဖို့ ကျွန်တော့်ကိုအပူကပ် သည်။ အချိန်မီ မရရင် အတင်းလာ တောင်းမှာနော်ဟုလည်း ခြိမ်းခြောက် သေးသည်။ ချယ်ရီမဂ္ဂဇင်းမှာ လစဉ် ရေးဖို့ စဉ်းစားတော့ ဘာသာဗေဒကို အခြေခံပြီး မြန်မာဘာသာစကားကို လေ့လာသည့် ဆောင်းပါးများကို ပေါ့ပေါ့ပါးပါး ရေးကြည့်ဖို့ စိတ်ကူး ရလာသည့်အတွက် ချယ်ရီမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ ကစပြီး ကျွန်တော် ရေးဖြစ်သည်။ ကိုအောင်ပြည့်က ကျွန်တော့် ဆောင်းပါးကို ရှေ့ဆုံးမှာ ပုံမှန်နေရာ ပေးပြီး လေးလေးစားစား ထည့်ပေးသည်။ ပုံမှန်ရေးဖို့လည်း အမြဲတိုက်တွန်းသည်။ ဤသို့ဖြင့် ကိုအောင်ပြည့်၏ ကျေးဇူးကြောင့် ဘာသာဗေဒ အခြေခံသော ဆောင်း ပါးများကို လစဉ်တစ်လမပျက် ကျွန်တော်ရေးခဲ့ရာ ဆောင်းပါးပုဒ်ရေ ၉ဝ ကျော် ရေးဖြစ်ခဲ့ပါသည်။ ထို ဆောင်းပါးများ မပြတ်ရေးနိုင်ဖို့ အတွက် ဘာသာဗေဒစာအုပ် စာတမ်းများကို အမြဲဖတ်ရသည်။ မြန်မာဘာသာစကားကိုလည်း စူးစမ်း လေ့လာပြီး သတိပြုမိသည့် အချက် များကို ဖော်ထုတ်တင်ပြခဲ့ပါသည်။

နောက်ပိုင်းတွင် ထိုဆောင်းပါးများ သည် ‘စကားသမုဒ္ဒရာ စာ သမုဒ္ဒရာ’၊ ‘တစ်သံနှစ်သံ သုံးလေးသံ’စသည့် စာအုပ်များ ဖြစ်လာပါသည်။ (မကြာ မီကပွဲတစ်ခုတွင် ပန်းချီဆရာ လူရွယ် တစ်ယောက်နှင့်တွေ့ရာ သူက ချယ်ရီမှ ကျွန်တော့် ဆောင်းပါးများကို စောင့်ဖတ်ခဲ့ရကြောင်း အမှတ်တရ ပြောပြသည့်အတွက် ဝမ်းသာကြည်နူး ရပါသည်။) ချယ်ရီမဂ္ဂဇင်းမှာ ကျွန်တော့် ဆောင်းပါးတွေ လစဉ်ပါသည့် အတွက်’ နောက်လဘာရေးရင် ကောင်းမလဲ’ဟူ၍ ရေးမည့် အကြောင်းအရာကို စဉ်းစားရသည် မှာ ပျော်စရာ၊ ကြည်နူးစရာကောင်း ပါသည်။ စာအုပ်ထဲက အကြောင်း အရာ သက်သက်ကို ပြန်ရေးခြင်း မဟုတ်ဘဲ စိတ်ကူးဥာဏ်ကွန့်မြူးပြီး ပေါ့ပေါ့ပါးပါး ရေးခြင်းဖြစ်ပါသည်။ တစ်နေ့တွင် တစ်ချိန်က ရန်ကုန် တက္ကသိုလ်က မဟာဝိဇ္ဇာတန်းမှာ ကျွန်တော်ဘာ သာဗေဒမသင်ရ အောင် ကန့်ကွက်ခဲ့သော သူငယ် ချင်းက ကျွန်တော့်ကို ပြောသည်။

“မင်းကို ဒီလိုဆောင်းပါးတွေ မရေး စေချင်တော့ဘူး”ဟူ၍ ဖြစ်သည်။ “ဘာဖြစ်လို့လဲ”ဟု မေးတော့ “မင်းဒါမျိုးတွေ အများကြီး ရေးပြီး ပြီပဲ” ဟု ဆက်ပြောသည်။ ကျွန်တော် သူ့ကို ဘာမှရှင်းမပြလိုက်တော့ပါ။ စိတ်ထဲကတော့” သြော် ခက်နေပါ ရော”ဟု ညည်းလိုက်မိပါသည်။ ကျွန်တော်က ဘာသာစကား ဆောင်း ပါးတွေရေးရင်း ‘လက်သွက်’လာပြီး တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ရေးဖြစ်ပါ သည်။  ‘အတွေးအမြင်’ မဂ္ဂဇင်း ထွက် လာသောအခါ မြန်မာဘာသာစကား ကို လေ့လာခဲ့သော ပညာရှင်တစ် ဦး၏ ဆောင်ရွက်ချက်များကိုရေးရန် စိတ်ကူးရသည့်အတွက် ‘ ….နှင့် မြန်မာဘာသာစကား’ ဟု ပုံသေ ခေါင်းစဉ်ထားပြီး ပုဂံဝန်ထောက် မင်း ဦးတင်နှင့် မြန်မာဘာသာစကား ‘ဦးဖေမောင်တင်နှင့် မြန်မာဘာသာ စကား’စသည့် ဆောင်းပါးများ လစဉ် ရေးခဲ့သည်။ ထိုဆောင်းပါးများကို ဆု စာပေတိုက်မှ ကိုမြင့်ဦးက စုစည်းပြီး စာအုပ်ထုတ်လိုကြောင်း ပြောသည့် အတွက် ကျွန်တော်က “မြန်မာဘာ သာစကား ပညာရှင်များနှင့် ဘာ သာစကားအမြင်”ဟု ခေါင်းစဉ်ပေး လိုက်ပါသည်။  တစ်နေ့တွင် ဆရာတက်တိုးက ကျွန်တော့်ဆီ စာတိုကလေးတစ်စောင် ရေးပို့လိုက်သည်။ စာထဲတွင် အင်္ဂလိပ်ဘာသာမှ ဝေါဟာရများ၏ သမိုင်းကြောင်းကို စူးစမ်းလေ့လာ သော စာအုပ်စာတမ်းများမှာ စိတ် ဝင်စားစရာ ကောင်းကြောင်း၊ ထို့အ တူ မြန်မာစကားလုံးများ၏ သမိုင်း ကြောင်းကို စူးစမ်းလေ့လာသည့် ဆောင်းပါးများရေးလျှင် အကျိုးရှိ မည်ဖြစ်သည့်အတွက် စကားလုံး သမိုင်းဆောင်းပါးများ ရေးစေလို ကြောင်း ကျွန်တော့်ကို တိုက်တွန်း လိုက်ခြင်းဖြစ်သည်။ ကျွန်တော်သည် ဆရာတက်တိုး၏ တိုက်တွန်းချက်နှင့် အညီ မြန်မာစကားလုံး အချို့၏ အရင်းခံ အဓိပ္ပါယ်နှင့် တင်စားသုံး သော အဓိပ္ပါယ်တို့ကို ဆက်စပ်လေ့ လာသော ဆောင်းပါးများကို ‘စိန် ခြယ်’ကျောက်မျက်ရတနာ မဂ္ဂဇင်းမှာ ရေးခဲ့ပါသည်။  ၁၉၈ဝပြည့်နှစ်ကျော်ကာလမှာ ကျွန်တော် စာတော်တော် ရေးဖြစ်ခဲ့ ပါသည်။ မဂ္ဂဇင်းတိုက်များသို့ မြို့လုံး ပတ်လည်လှည့်ပြီး စာမူပို့ရသည်မှာ အမှတ်တရဖြစ်ပါသည်။ ထို စာမူများ တွင် ဘာသာဗေဒအမြင်ဖြင့် မြန်မာ ဘာသာစကားကို လေ့လာစူးစမ်း သော ဆောင်းပါးများ အများအပြား ပါဝင်ကြောင်း သတိပြုမိပါသည်။

 မောင်ခင်မင်(ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here