သရုပ်ဆောင်မောင်ဘုဏ်းက သရုပ်ဆောင်ကနေ ဒါရိုက်တာအဖြစ် နောက်ပိုင်းမှာ ရပ်တည်သွားတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူကတော့ ဒါရိုက်တာ မောင်တင်ဦးရဲ့ တပည့်တစ်ဦးဖြစ်ပြီး ဆရာဖြစ်သူဆီမှာ သင်တန်းတွေတက်ရင်း ဆရာရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အနုပညာလောကထဲကို စတင်လျှောက်လှမ်းခဲ့သူပဲဖြစ်ပါတယ်။
”ဆရာကတော့အမြဲတမ်း ပြောပြပါတယ်။ ရိုက်ကွင်းပေါ်ရောက်ရင် သရုပ်ဆောင်နဲ့ပတ်သက်လို့ရော၊ ဒါရိုက်တာပညာနဲ့ ပတ်သက်လို့ရောပေါ့။ သူမသေခင်ပြောသွားတာကတော့ ဒီလောကထဲ ရောက်ရင်တော့ အရေထူမှရမယ်တဲ့။ အဲဒါလေးကိုတော့ မှတ်မိတယ်။ ကျွန်တော်လည်း အရေထူအောင်ပဲ နေတယ်” လို့ ဆရာဖြစ်သူမောင်တင်ဦးနဲ့ ပတ်သက်လို့ မောင်ဘုဏ်းက ပြောပြပါတယ်။သူကအခုလက်ရှိ အချိန်မှာတော့ သရုပ်ဆောင်မလုပ်ဖြစ်တော့ဘဲ ဒါရိုက်တာအနေနဲ့ ဒေါကွန်မန်ထရီတွေ၊Shot Story တွေရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွေမှာ ပါဝင်ပြသဖြစ်နေတယ်လို့ သိရပါတယ်။
”ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်။ ပြုတ်တဲ့အခါလည်းပြုတ်၊ ပါတဲ့အခါလည်း ပါပေါ့လေ။ သရုပ်ဆောင် ပိုင်းကကျတော့ နောက်ပိုင်း ကိုယ့်ဘာသာကိုယ် လေ့လာနေတော့ မလုပ်ဖြစ်တော့ဘူး။ လာမငှားကြတာ ရောပေါ့။ လာငှားတဲ့ဇာတ်တွေကျတော့လည်း ကိုယ်နဲ့အဆင်မပြေတာတွေကြောင့်ရောပေါ့။အဘက် ဘက်ကပါပဲ။ ဒါနဲ့ပဲ ဒါရိုက်တာပိုင်းကို လေ့လာဖြစ်နေတယ်။ ဇာတ်ညွှန်းသင်တန်းတွေတက်တယ်။ ဇာတ်ညွှန်းတွေ ကိုယ့်ဘာသာကိုယ် ရေးကြည့်တယ်။ ကိုယ့်ကိုယ်ကိုယ် တစ်နိုင်တစ်ပိုင်လေးပဲ လုပ်ဖို့စဉ်းစား တော့တယ်။ အခုက ထလုပ်ရင်လည်း သိပ်ပြီးအဆင်မပြေဘူးလေ” လို့ လက်ရှိမှာ သူဖြတ်သန်းနေတဲ့ အကြောင်းနဲ့ပတ်သက်လို့ မောင်ဘုဏ်းက ပြောပြပါတယ်။ သူက ”ရွာ” ဇာတ်လမ်းတွဲ၊ ငါတို့သည် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
လင်းအက္ခရာ