မြို့တည်နှစ် ၈ဝဝ ပြည့် ပွဲတော်နဲ့ မိုးကုတ်သူ မိုးကုတ်သား အနုပညာရှင်များရဲ့ ဂုဏ်ယူ ကြည်နူး စကားသံများ (၁)

0
218

မြန်မာနိုင်ငံထဲက အထင်ရှားဆုံးမြို့နဲ့ ရာဇဝင်သမိုင်း ရှည်လျားခမ်းနားတဲ့မြို့ကတော့ ပတ္တမြားမြေမည်တွင်ရာ မိုးကုတ်မြို့ပဲဖြစ်ပါတယ်။ အခုနှစ် မတ်လထဲမှာတော့ မိုးကုတ်မြို့တည်နှစ် ၈ဝဝ ပြည့်မြောက်ခဲ့ပြီး အထိမ်းအမှတ်ပွဲတော်ကြီးအဖြစ် စည်ကားသိုက်မြိုက်ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်တော့မှာပါ။ ဒီမိုးကုတ်မြို့တည်နှစ် ၈ဝဝ ပြည့်ပွဲတော်ကြီးဟာ ထူးခြားမှုတွေရော အသွင်သဏ္ဌာန်ကောင်း အနှစ်သာရပြည့်ဝ မှုတွေပါ ပေါင်းစုံဖြစ်တည်လျက် ကျန်ရစ်စေမယ့် ကမ္ဘာသိ မြန်မာသိ ဒေသန္တရ ယဉ်ကျေးမှုပွဲတော်မျိုးလို့ ဆိုရမှာပါ။ ဒါကြောင့်မို့ အသွင်သဏ္ဌာန် ခမ်းနားထူးခြားမှုပြည့်စုံနေတဲ့ မိုးကုတ်မြို့တည် နှစ် ၈ဝဝ ပြည့် ပွဲတော်ကြီးအပေါ် မိုးကုတ်သူ မိုးကုတ်သား အနုပညာရှင်များရဲ့ ဂုဏ်ယူကြည်နူးစကားသံများကို မေးမြန်းစုစည်းဖော်ပြလိုက်ပါတယ်။

ရီဝေယံ

 

ကျွန်တော်က မိုးကုတ်မြို့မှာ ၉ တန်းထိ ကျောင်းနေခဲ့တယ်။ ၉ တန်းပြီးမှ ကျောင်းကို ရန်ကုန်မှာဆက်တက်ခဲ့တယ်။ မိုးကုတ်မြို့ နဲ့ရန်ကုန် မြို့ဆီသွားလိုက်လာလိုက်တော့ လုပ်တယ်။ ရန်ကုန်မြို့မှာပဲ နေဖြစ်တယ်။ အရင်က ၈၈ အရေးအခင်းမတိုင်ခင် တစ်နိုင်ငံလုံး မပြောင်းလဲသေးတဲ့အချိန်မှာ မိုးကုတ်မြို့က တအားကြီး မကောင်းသေး ဘူး။ အေးအေးချမ်းချမ်းရှိတယ်။ မိုးကုတ်မြို့ တစ်မြို့လုံးကလည်း သေးသေးလေးပေါ့။ ရန်ကုန်မြို့မှာဆို ကလေးတွေကို ဟိုနေရာ သွား လည်း မလွှတ်ရဲ၊ ဒီနေရာသွားလည်း မလွှတ်ရဲဖြစ်ကြတယ်လေ။ အဲဒီ အချိန်မှာ မိုးကုတ်မြို့မှာတော့ ကလေးတွေ ဘယ်နေရာပဲသွား ဆော့ ဆော့ အကုန်လုံးက သိကြတယ်။ လုံခြုံမှုရှိတယ်ပေါ့နော်။ မြို့ကလူတွေ လည်း မများကြဘူးလေ။ အခုနဲ့တော့ မတူတော့ဘူးပေါ့။ မိုးကုတ်မြို့က အလွန်နေလို့ ကောင်းတယ်။ အခုမိုးကုတ်မြို့ နှစ် ၈ဝဝ ပြည့် အခမ်း အနားလုပ်တဲ့အချိန်မှာလည်း အကုန်လုံးစုစုစည်းစည်းနဲ့ လုပ်ကြတယ်။ ကျွန်တော်လည်း မိုးကုတ်မြို့သားတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင် တဲ့အပိုင်းက ပါဝင်ဖြစ်တယ်။ ကျွန်တော်က မိုးကုတ်မြို့ နှစ် ၈ဝဝ ပြည့် ပွဲရဲ့ ဖျော်ဖြေရေးအပိုင်းမှာလည်း ပါဝင်အားဖြည့်ထားပါတယ်။

* * * * * * * * * * * * * * * * * * *

ခါရာ

 

ကျွန်တော်က ၁၅ နှစ်ကျော်ကတည်းက မိုးကုတ်မြို့ကနေ ရန်ကုန်မြို့ကို ပြောင်းလာတာ။မိုးကုတ်မြို့ကတော့ ကျွန်တော့်ရဲ့ မွေးရပ်မြေပါ။မိုးကုတ်မြို့မှာနေခဲ့တဲ့အချိန်မှာ ကျွန်တော့်မှာ အမှတ်တရတွေ အများကြီး ရှိခဲ့တယ်။ မိုးကုတ်မြို့မှာပဲ သူငယ်ချင်းတွေများတယ်။ မိုးကုတ်မြို့ရဲ့ ရာသီဥတု၊ အစားအသောက်တွေနဲ့ပဲ ကျွန်တော်ကြီးပြင်းခဲ့ရတာဆိုတော့ မိုးကုတ်မြို့က ကျွန်တော့်အတွက် အလွန်ချစ်စရာကောင်းတဲ့ မြို့လေးတစ်မြို့ပါ။ အခု မိုးကုတ်မြို့တည် နှစ် ၈ဝဝ ပြည့်ပွဲလုပ်တော့မယ်ဆိုတော့လည်း ဝမ်းသာတယ်။ဒီပွဲမှာလည်း ကျွန်တော်က အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အနုပညာလေးကို ချပြခွင့်ရတဲ့အတွက်လည်း အလွန်ပီတိဖြစ်ရတယ်။ဝမ်းလည်းသာမိပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here