ပရိသတ် နည်းခြင်း များခြင်းအပေါ် စိတ်မဝင်စားဘဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေတယ်ဆိုတဲ့ အဆိုတော် မာရဇ္ဇ

0
189

အဆိုတော်မာရဇ္ဇကတော့ အခု လတ်တလောမှာ ပွဲတွေမှာ သီချင်းတွေလိုက်ဆိုဖြစ်နေတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ သီချင်းလိုက်ဆိုဖြစ်နေပြီး တစ်ကိုယ်တော်ရှိုးပွဲကို ခဏရပ်နားထားကြောင်းကိုတော့ … ”အခု လတ်တလော သီချင်းတွေ ပွဲတွေလိုက်ဆိုဖြစ်တယ်။ ဟိုတလောကလည်း အစ်ကိုရဲ့ရှိုးပွဲက ပရိသတ် နည်းသွားတာကိုတွေ့ရပါတယ်။ဘာကြောင့် အဲဒီလိုဖြစ်တာကိုတော့ အစ်ကိုတို့ရှာဖွေနေတုန်းပဲ။ သေချာတာ တစ်ခုကတော့ အစ်ကိုပရိသတ်မရှိတာတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပွဲတစ်ပွဲ လုပ်တာက အချိန်ကိုက်ဖြစ်ဖို့လိုတယ်။ ဒီလိုအကြောင်းမျိုးမျိုးတွေ ရှိတာ ပေါ့လေ။ ဒီ အနုပညာ တင်ဆက်မှုမှာတော့ အစ်ကို့ဘက်က အားလျော့ စရာအကြောင်းမရှိဘူး။ အစ်ကိုကတော့ အရင်ကတည်းက အနုပညာ ရှင်က ပရိသတ်တစ်ယောက်တည်းရှိနေလည်း အစ်ကိုတို့က ကြိုးစားရ မှာပါ။ ပရိသတ် နည်းခြင်းများခြင်းအပေါ်မှာ စိတ်မဝင်စားဘဲ ကိုယ် လုပ်စရာရှိတာကို အပြည့်ဝလုပ်တယ်။ အပြည့်ဝပေးဆပ်နိုင်ခဲ့တယ် လို့ ယုံကြည်တယ်။ လူနည်းတယ်ဆိုတာက အချိန်ကာလနဲ့ စီစဉ်တဲ့ လူတွေနဲ့ပဲဆိုင်ပါလိမ့်မယ်။ ဒါက ကိုယ့်ကိစ္စမဟုတ်ပါဘူး။ နောက်ထပ်ရှိုးပွဲလုပ်ဖို့တော့လိုပါဦးမယ်” လို့ မာရဇ္ဇက ပြောပါတယ်။

သင်္ကြန်ကာလတစ်ခုက အနုပညာရှင်တွေ အားထားရ တဲ့ကာလဖြစ်တဲ့အတွက် ဒီနှစ်သင်္ကြန်မှာ ပြန်လည်ဖျော်ဖြေ ခွင့်ရဖို့အကြောင်းကိုတော့ အဆိုတော်မာရဇ္ဇက အခုလို ပြောပြခဲ့ပါတယ်။ ”ဒီနှစ် သင်္ကြန်မှာတော့ အနုပညာ ရှင်တွေကို ဖျော်ဖြေခွင့်ပေးမယ်လို့ ကြားတယ်။ အစ်ကို တို့ သင်္ကြန်မှာမသီဆိုရတာ ၂ နှစ် ရှိပြီ။ ဒီနှစ်တော့ ဆိုဖြစ်မယ်ထင်တယ်။ အစ်ကိုတို့လည်း သင်္ကြန်ကာလ တစ်ခုကိုမျှော်လင့်တာပါပဲ။ အဓိက ကတော့ သင်္ကြန် မှာ အနုပညာရှင်တွေ သီချင်းသီဆိုခွင့်မရတာကတော့ နစ်နာမှုတော့ရှိတာပေါ့။ ဒီအနုပညာရှင်တွေအနေနဲ့ လည်း သင်္ကြန်ကာလတစ်ခုမှာပဲ အားလုံး မျှော်လင့်တာ ပေါ့။ ဒီကာလကရတဲ့အခကြေးငွေက ဘာပဲဖြစ်ဖြစ် အနုပညာသမားတွေ အေးဆေးရပ်တည်လို့ရတယ်။ အနုပညာတွေဆက်ပြီး ဖန်တီးနိုင်ခွင့်ရှိတာပေါ့။ သို့သော်လည်း သင်္ကြန်မှာ မရလိုက်ဘူးဆိုရင် အဲဒီ နှစ်ကာလလုံးမှာ တော်တော် ယောက်ယက်ခတ်တယ်။ ဒါကကိုယ်တစ်ယောက်တည်း ခံစားရတဲ့ပွဲမဟုတ် ဘူး။ ဒီဂီတလောက တစ်လောကလုံးမှာဖြစ်တဲ့ ပြဿနာတစ်ခုပဲ။ အလွန် နစ်နာပါတယ်။ အနု ပညာသမားတွေမှာ။ ဒါပေမယ့်လည်း အစိုးရခွင့် ပြုတယ်ဆိုပေမယ့်လည်း ပွဲလုပ်ပေးတဲ့သူရှိမှ အဆင်ပြေမှာပါ” လို့ မာရဇ္ဇက ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here