ကြုံတောင့်ကြုံခဲကြည့်ရှုရမည့်နိုင်ငံတကာရုပ်သေးပွဲတော်တွင်နိုင်ငံပေါင်း ၉ နိုင်ငံ၏ရုပ်သေးအကများအား မြင်တွေ့ရမည်

0
238

နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မတ်လ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါနေ့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဇာတ်ရုံအပြင်မှာ ကပြတင်ဆက်မှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဇာတ်ရုံအတွင်းမှာလည်း ကပွဲအနေနဲ့ ကပြတင်ဆက်သွား မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးအနေနဲ့က ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းကာလတွေ မှာတော့ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကာလတုန်းကလို အရှိန် အဟုန်ကောင်းဖို့အတွက် ရုပ်သေးပညာရှင်များက ကြိုးစားလျက်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ခုလို နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ပြုလုပ်ခြင်းဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံတကာရုပ်သေးပညာရှင်တွေ ပါဝင်ကပြတင်ဆက်ကြမယ့် ဒီလို ရုပ်သေးပွဲတော်မျိုးကိုတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ ပြသ ခဲ့ခြင်းမရှိခဲ့ဘဲ အခုပြုလုပ်မယ့် ရုပ်သေးပွဲတော်ကြီးက ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာကရုပ်သေးပညာရှင်တွေကို ဖိတ်ကြားလိုက်ပြီ။ သူတို့ ရုပ်သေးတွေနဲ့ သူတို့အမြတ်တနိုး လာကကြမယ်။  အဲဒီအချိန်မှာ ဦးထွေး စိုးရိမ်တာက ဒါကဦးထွေး တစ်ယောက်တည်းရဲ့ ခံစားချက်ပါ။ တို့မြန်မာ လူမျိုးတွေက လေးလေးစားစားနဲ့ တစ်မြတ်တနိုးနဲ့ ကြည့်ကြပါ့မလားပေါ့။ အားပေးကြပါ့မလားလို့ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးထွေးတို့ဆိုရင် ခံစားရတယ်။ ဦးထွေးတို့ နိုင်ငံခြားသား ကိုပြတယ်။ နိုင်ငံခြားသားတွေက ပိုက်ဆံလည်းပေးတယ်။ လေးလေးစားစားလည်း လာကြည့်ကြတယ်။ ဦးထွေးတို့မြန်မာလူမျိုးကို ရုပ်သေးပွဲလာကြည့်ဖို့ဆိုရင် ဘယ် လောက်ပေးရမှာလဲလို့မေးတယ်။ နိုင်ငံခြားသားကိုတောင်းတဲ့ နှုန်း ဦးထွေးတို့ မတောင်းဘူး။ လျှော့တောင်းတာတောင်မှ ပိုက်ဆံပေးရမယ်ဆိုရင် လာမကြည့်ဘူး။ ပိုက်ဆံမပေးနဲ့ အလကားလာကြည့်ပါဆိုတော့လည်း လာကြည့်လားဆိုတော့ မကြည့် ဘူး။ တချို့ကျတော့ ရောက်လာတယ်။ ရုပ်သေးပွဲဒီအချိန်ပြမယ်ဆိုရင် နောက်ကျမှ ရောက်လာတယ်။ တချို့ကျတော့လည်း ပြီးအောင်မကြည့်ဘဲ ပွဲတစ်ဝက်မှာပဲ ပြန်သွား တယ်။ အဲဒီတော့ဦးထွေး တော်တော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ရုပ်သေးအပေါ်ကို စိတ်ဝင်စားမှုကနည်းတယ်။ အဲဒီတော့ဦးထွေးလိုချင်တာက ကိုယ့် မြန်မာ့ရုပ်သေးကိုလည်း ကိုယ့်မြန်မာလူမျိုးတွေ ခံစားတတ်အောင် လုပ်ပေးရမယ်။ ဦးထွေးဒီပွဲမှာ စိုးရိမ်တာ အဲဒါပါပဲ။ ဖိတ်ကြားထားတဲ့ နိုင်ငံတွေက တကယ့်နိုင်ငံကြီးတွေ ပါ။ အဲဒါကိုဦးထွေးတို့ မြန်မာလူမျိုးတွေ အားပေးစေချင်တယ်။ ပရိသတ်မရှိမှာကို ဦးထွေးစိတ်ပူတယ်။ ဒါကြောင့် ဒီပွဲကို မြန်မာပြည်သူတွေ လာရောက်အားပေးစေချင် ပါတယ်။ ကိုယ့်မြန်မာတွေရဲ့ အနုပညာ ချစ်စိတ်၊ ယဉ်ကျေးမှု အဆင့်အတန်းကို ပြသရ မယ့်ပွဲကြီးလို့ ဦးထွေးကတော့မြင်ပါတယ်”လို့ ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင် ဦးခင်မောင်ထွေး ကပြောပြပါတယ်။ အဆိုပါပွဲတော်ကြီးမှာတော့ ရုပ်သေးပညာရှင်ကြီးများနဲ့ မျိုးဆက်သစ်ရုပ်သေးပညာရှင်များက ပူးပေါင်းစီစဉ် ကပြ တင်ဆက်ကြမှာဖြစ်ပြီး ပြခန်းတွေလည်းပါဝင်ပြသမယ်လို့ သိရပါတယ်။

 လင်းအက္ခရာ

LEAVE A REPLY

Please enter your comment!
Please enter your name here