မွေးနေ့မှာ မိဘမဲ့ ကလေးငယ်တွေနဲ့အတူဖြတ်သန်းဖို့ စီစဉ်ထားတဲ့ အိမ့်ချစ်

0
160

ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့ အဆိုတော်မလေး အိမ့်ချစ်က နှစ်စဉ်နှစ်တိုင်း နေအိမ်မှာ အုတ်ခွက်ဘုရားပင့်ဆောင်ပူဇော်ခဲ့တာ ခုဆိုရင် ၁၉ နှစ် တိုင်ခဲ့ပြီလို့ သိရပါတယ်။ နေ့စဉ်၊ နေ့တိုင်း ဘုရားရှိခိုးတယ်။ မေတ္တာ ပို့တယ်။ ပဋ္ဌာန်းရွတ်တယ်။ အလှူအတန်းတွေလုပ်တယ်။ အဲဒီလို ကုသိုလ် ကောင်းမှုတွေ ထုံမွှမ်းနေတဲ့ အိမ့်ချစ်တစ်ယောက် လာမယ့်မွေးနေ့မှာလည်း အစီအစဉ်တစ်ခုကို စီစဉ်ထားပါတယ်။ အဲဒီအစီအစဉ်က…

 “အိမ့်ချစ်ကလေ သီချင်းမဆိုခင်ကတည်းက ဇန်နဝါရီလတိုင်းမှာ အုတ်ခွက်ဘုရားပင့်ဆောင်ခဲ့သလို သီချင်းဆိုဖြစ်တဲ့အချိန်မှာလည်း အိမ့်ချစ် ဘာလုပ်သလဲဆိုတော့ အိမ့်ချစ်ရရှိတဲ့ အနုပညာကြေးရဲ့ ဆယ်ပုံ တစ်ပုံကို ဖယ်ပါတယ်။ ဖယ်ပြီးတော့ တစ်နှစ်တာလုံးမှာ စုဆောင်းပြီးတော့ နှစ်ကူးပြီဆိုတာနဲ့ အိမ့်ချစ် ဘုရား ပင့်ဆောင်တယ်။ စုဆောင်းထားတဲ့ ပိုက်ဆံတွေအကုန်လုံး မှာ တစ်ဝက်ကို ဘုရားကိုလှူတယ်။ ကျန်တဲ့တစ်ဝက် ကျတော့ လူတွေကို စတုဒိသာအနေနဲ့ အလှူအတန်း တွေ လုပ်တယ်။ အိမ့်ချစ် ဒီနှစ်နဲ့ဆို ၁၉ ကြိမ်ရှိ သွားပါပြီ။ ဒါလေးတွေက နှစ်တိုင်းတော့ လုပ်နေမှာပဲ။ အိမ့်ချစ် အလှူအတန်းလည်း အမြဲတမ်းလုပ်ပါတယ်။ နောက်ထပ်ထူးခြားတာ လေးတစ်ခုလည်း ရှိပါတယ်။ အဲဒါက လာမယ့် မတ်လ ၃၁ ရက်နေ့၊ အိမ့်ချစ်ရဲ့ မွေးနေ့မှာ မိဘမဲ့ကလေးတွေကို ကစားကွင်းကို ခေါ်သွားပြီးတော့ အိမ့်ချစ်နဲ့အတူတူ ဆော့ ကစားဖို့ စီစဉ် ထားတာလေးတွေလည်း ရှိပါတယ်ရှင့်” လို့ အိမ့်ချစ်ကပြောပါတယ်။ ပရိသတ်တွေကို အမြဲတမ်း မေတ္တာပို့လေ့ရှိတဲ့ အိမ့်ချစ်က “အိမ့်ချစ်ကို မုန်းတဲ့သူတွေရှိရင်လည်း ချစ်လာပါစေလို့ အိမ့်ချစ် က ရင်ထဲကနေ အမြဲတမ်း မေတ္တာပို့ပါတယ်။ ဒီလိုပဲ ချစ်တဲ့သူတွေ ရှိတာကလည်း အိမ့်ချစ်အတွက် တကယ့်ကို အားဖြစ်စေပါတယ်။ အဲဒီအတွက် ချစ်နေတဲ့သူတွေလည်း ဆက်ပြီးတော့ ချစ်ပေးပါ။ တကယ်လည်း ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ နေ့စဉ်နဲ့အမျှ ပြုပြုသမျှ ကုသိုလ်တွေကိုလည်း အမြဲအမျှဝေပေးသလို၊ မေတ္တာ တွေလည်း ပို့ပေးပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here