အမှုဆောင် သက်တမ်းပြည့်ပြီဖြစ်ပေမယ့် ရွေးကောက်ပွဲကို မပြုလုပ်ဘဲအချိန်ဆွဲထားတယ်လို့ ဝေဖန်မှုတွေအပေါ် သဘင်(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ် ရှင်းလင်း

0
185

မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်ညီလာခံကြီးကို မတ်လ ၁၆ ရက်နေ့နဲ့ မတ်လ ၁၇ ရက်နေ့တို့မှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာတော့ သဘင်ညီလာခံကြီးကို ပြုလုပ်မှာဖြစ်ပြီး ၁၇ ရက်နေ့မှာတော့ သဘင်အမှုဆောင်သစ်ရွေးချယ်မှု ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သဘင်ညီလာခံ မှာတော့ တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးရဲ့ ဆွေးနွေးတင်ပြချက်များ၊ သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီနဲ့ သဘင်ပညာရပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေးကော်မတီရဲ့ စာတမ်းများကို ဖတ်ကြားတင်ပြသွားမှာဖြစ်ကြောင်းသိရပါတယ်။

“ညီလာခံမှာဥပဒေတင်သွင်း မယ်။ စည်းမျဉ်းစည်းကမ်းတွေဆွေးနွေးကြမယ်။ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြမယ်။ ညီလာခံမှာပဲ ယူနီဖောင်းတွေအလံတွေ ထပ်ပြီး အတည်ပြုကြမယ်။ နောက်နှစ် တွေမှာ ဆက်သွားမယ့် သဘင်အနာဂတ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးတိုင်ပင်ကြမယ်။ ရွေးကောက်ပွဲကတော့ ရှင်းရှင်း လင်းလင်းပါပဲ။ တိုင်းနဲ့ပြည်နယ်မြို့နယ်များက ကိုယ်စားလှယ်တွေ တက်လာမယ်။ ကော်မတီတွေ တက်လာမယ်။ ကျွန်တော်တို့ အမှုဆောင်သက်တမ်းကတော့ ၂ဝ၁၇ ခုနှစ် ၁ဝ လပိုင်းက ၂ နှစ်ပြည့်တာပါ။ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ စည်းမျဉ်းကရှိတယ်။ ညီလာခံကျမှအတည်ပြုရမှာပါ။ သက်တမ်းပြည့်ပြီး ဘယ်နှစ်လအတွင်းမှာ လုပ်ရမယ်လို့ဆိုတာ အတည်မပြုရသေးဘူး။ ဥပဒေကြမ်းထွက်ပြီ။

အတည်ပြုဖို့လိုလာပြီ။ ကျွန်တော်အပါအဝင် အမှုဆောင်အဖွဲ့ကို သက်တမ်းပြည့်ပြီးတာတောင် အချိန်ဆွဲထားတယ်လို့ထင်ကြတယ်။ သက်တမ်းမပြည့်ခင် တစ်လနဲ့ ၅ ရက် လောက် အလိုကတည်းက ညီလာခံ ကျင်းပတော့မယ်ဆိုပြီးတော့ အစည်းအဝေးခေါ်ပါတယ်။ ပွဲရာသီဖြစ်တဲ့အတွက် တအား ခက်ခဲလို့ မလုပ်ပါနဲ့ဦး၊ နယုန်လကုန်လောက်လုပ်ပါလို့ပြောကြတယ်။ နယုန်လ ကုန်တော့မဖြစ်ဘူး။ တအားကြာသွားရင်ကျွန်တော်တို့ကိုတစ်မျိုးထင်လိမ့်မယ်။ လုပ်ရင်လည်းလူမစုံဘူး။ ဘယ်လိုလုပ်ကြမလဲ။ တိုင်းနဲ့ပြည်နယ်ကတက်လာကြတဲ့လူတွေက ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုကြတယ်။ အစည်းအဝေးမှတ်တမ်းရှိပါတယ်။ ဒါပေမဲ့ မရဘူး။ ဖြစ်အောင် လုပ်တော့မယ်။ကျွန်တော်မဖြစ်ဖြစ် အောင်ကိုလုပ်ပါ့မယ်” လို့ ညီလာခံနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် အကြောင်းကို သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်ကရှင်းပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here