ငြိမ်းချမ်းလိုသောသဘောရှိသည်

0
151

လာကဓံရဲ့ အစွန်အဖျားကြားက
ဝဲယာ နံတောင်းတွေ ပြောင်းလဲမိတိုင်း
ဒီ ငြိမ်းချမ်းရေးဆိုတဲ့စကားက
သူ ငါ မကြာမကြာ လျှာ ခလုတ်တိုက်မိ။

သလုံးမြင်းခေါင်း စွမ်းအားတွေနဲ့
ဒီလမ်းကြောင်းကြီး လျှောက်ဖို့
ခြေလှမ်းတွေက တပြင်ပြင်
ဘယ်တော့ပန်းဝင်မှာလဲ။

ယုံကြည်ချက်နဲ့ တာထွက်နေရပေမယ့်
ဟောဒီ မနက်တွေက ကစဥ့်ကလျားနဲ့
စိတ်ပိန်အောင်ခံစားရင်း
နာကျင်မှုတွေ အန်ချနေရဆဲ။

အဲဒီ ရေဆန်လေဆန် ပုံရိပ်တွေက
မိုးသားတိမ်လိပ်တွေလို
အပြောင်းအလဲမြန်ပြီး
ငါတို့ရင်ကို တစ်စစီ ထိမှန်လို့
တစ်သီးတခြား ဆန်လွန်းနေတယ်။

”ငါ့ မနက်ဖြန် ပွင့်ဖို့အတွက်
ဒီနေ့ ဖူးရလိမ့်မယ်” ဆိုတဲ့
အဲဒီမျှော်လင့်ချက်တွေက ဖော်စပ်မိတိုင်း
ဒီရင်ဘတ် ကွက်လပ်ကြီးက
ပွင့်ပွင့်လင်းလင်းကြီးကို
အိပ်မက်တွေရှည်လို့
အဲဒီငြိမ်းချမ်းရေး ပုံပြင်တွေကိုပဲ
နားထောင်လို့ ကောင်းနေခဲ့သလို
သူတို့ ငါတို့ ပါးစပ်ဖျားမှာ
နော မကျေနိုင်အောင် ရေပန်းစားလို့
ကဗျာတွေ စာတွေ ခမ်းနားနေဆဲပါပဲ။

အထဝါစိုး (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here