သမိုင်းမှာ တွင်ကျန်နေရစ်ခဲ့ရမယ်ဆိုတဲ့ စိတ်နဲ့ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား

0
291

အကယ်ဒမီဝါဝါဝင်းရွှေက လွန်ခဲ့တဲ့ ၁ဝ နှစ်ကတည်းက ရိုက်ကူးပူဇော်ချင်ခဲ့တဲ့ ရှင်ဥပ္ပဂုတ္တရဟန္တာမထေရ်မြတ် ကြီးရဲ့ ထေရုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီးကို အချက်အလက်မှန်ကန်အောင်စုစည်းပြီး သာသနာပြုတဲ့အနေနဲ့ ရိုက်ကူး ပုံဖော်လျက်ရှိပါတယ်။ အသက် ၁၆ နှစ်ကတည်းက ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ခဲ့သလို ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရော ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒေါ်ဝါဝါဝင်းရွှေက သမားရိုးကျဇာတ်လမ်းတွေနဲ့မတူတဲ့ ဇာတ်ကားတွေ ကို ရိုက်ကူးပုံဖော်ချင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ”အန်တီဝါက ဟိုးတုန်းကတည်းက ဒါရိုက်တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ကာရိုက်တာပေါင်းများစွာလုပ်ခဲ့ပြီးပြီ။ စနေမဇာတ်ကားမှာဆို ဓားဆိုလည်း ဓားခုတ် လိုက်တယ်။ ဘဲဥမဆိုလည်း ဘဲဥမပေါ့။ ဒါရိုက်တာလည်း လုပ်တယ်။ ချစ်သူဝိုင်းဝိုင်းလည်တို့ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းတွေ အမြဲရိုက်တယ်။ အန်တီဝါ့ အကျင့်ကိုက တစ်ကားနဲ့တစ်ကားမတူချင်ဘူး။ အန်တီဝါရဲ့အနုပညာတွေနဲ့ ပေးဆပ်ချင်တဲ့စိတ်ဓာတ်ပေါ့”လို့ ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုထူး ခြားတဲ့အပြင်အဆင်များ၊ ဆက်တင်များတည်ဆောက်ကာ ရိုက်ကူးလျက်ရှိပြီး သာသနာပြုတဲ့အနေနဲ့ပူဇော်ရိုက်ကူးခြင်းဖြစ်ကြောင်းကိုလည်း ဒေါ်ဝါဝါဝင်းရွှေက …

”ရှင်ဥပ္ပဂုတ္တထေရုပ္ပတ္တိဆိုတာက အန်တီဝါရဲ့ရုပ်ရှင်သက် အနှစ် ၅၅ နှစ်ကျော်ရယ်၊ အန်တီ့ဝါ ရဲ့အသက်အားဖြင့်ရော၊ အနုပညာသမ္ဘာအားဖြင့်ရော ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့အခုအချိန်မှာ ဘာသာရေးဇာတ်ကားသာသနာပြုတဲ့ဇာတ်လမ်းပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အားလုံးဟာ မြတ်စွာ ဘုရားအမှူးထားပြီးတော့ ဘုရား၊ တရား၊ သံဃာကိုကန်တော့ကြတယ်။ သံဃာတော်ထဲမှာအပါအဝင်ဖြစ်တဲ့ ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ကြီးကို ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အိမ်တိုင်းမှာပူဇော်ကြပါတယ်။ အန်တီဝါတို့ငယ်ငယ် ကလည်း မိဘတွေလက်ထက်က ပူဇော်ကြတဲ့အတွက် ယနေ့အထိလည်း ပူဇော်ပါတယ်။ ဗိုလ်တထောင်ဆိပ် ကမ်းကနေပြီး ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ကြီးကို ဖောင်တော်အမြဲမျှောပါတယ်။ လှူဒါန်းပါတယ်။ အဲဒီလို လှူဒါန်းရင်းနဲ့ပဲ စိတ်ထဲမှာ ရဟန္တာမထေရ်မြတ်ကြီးဟာ ခုနစ်ရက်သားသမီးတွေကိုစောင့်ရှောက်တယ်။ အားလုံးဘေးအပေါင်းရန်အပေါင်းကင်းဝေးတယ်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းပြည့်စုံစေ တယ်။ ရောဂါခပ်သိမ်းကင်းစင်ငြိမ်းစေတယ်။ လာဘ်လာဘများလည်း ပေါကြွယ်ဝစေပါတယ်။ ဒါကြောင့် အန်တီဝါရဲ့အနုပညာနဲ့ပူဇော်တယ်။ ရုံတင်မယ့်အချိန်ကျရင် မြန်မာပြည်သူပြည်သား ခုနစ် ရက်သား သမီးတွေလည်း လာပူဇော်ကြပါ။ အန်တီဝါ တတ်တဲ့အနုပညာနဲ့စိတ်တိုင်းကျ၊ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားကြီးတစ်ကား၊ သမိုင်းမှာတွင် ကျန်ရစ်ခဲ့ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရိုက်ကူးနေပါတယ်”လို့ ပြော ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here