တစ်ချိန်က ငြိမ်းချမ်းခဲ့သော ကချင်ပြည်နယ် ငြိမ်းချမ်းမှု အနှစ်သာရအကြောင်း အဆိုတော် Lခွန်းရီ ပြောပြ

0
173

လက်ရှိမှာ တည်ငြိမ်မှုမရှိသေးတဲ့ ကချင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ငဲ့ညာသောအားဖြင့် တာဝန်ရှိသူများအနေနဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရအောင် ဆောင်ရွက်ပေးစေချင်ကြောင်း ပြောပြလာတဲ့ ကချင် တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ အဆိုတော် L ခွန်းရီက . .

 “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်နေဆဲပါပဲ။ အောင်မြင်တော့မအောင် မြင်သေးဘူးပေါ့နော်။ ငြိမ်းချမ်းရေးဆိုတာမျိုးကတော့ ခုရေတွင်းတူး ခုရေကြည်သောက်လို့ရတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ အန်တီတို့ကတော့ ထဲထဲဝင်ဝင် အညိုရောင်နယ်မြေဆီလည်းသွားရောက်ခဲ့တယ်။ တရုတ် ပြည်မှာရှိတဲ့ စခန်းခုနစ်ခုလည်းသွားခဲ့တော့ လက်တွေ့မြင်ထားတဲ့အတွက် ငြိမ်းချမ်းရေး တအားရစေချင်တယ်။ ငြိမ်းချမ်းရေးရမှ ပြည်သူတွေလည်း အေးချမ်းမယ်။ ပရဟိတ လုပ်တဲ့ အန်တီတို့အနေနဲ့ကတော့ ငြိမ်းချမ်းလေ ကောင်းလေပါပဲ။ ငြိမ်းချမ်းဖို့ဆိုတာ ကလည်း သူလည်းတင်း ကိုယ်လည်းတင်းဆိုပျက်ဖို့ပဲရှိတယ်။ ကိုယ့်အယူဝါဒကိုပဲ စွဲကိုင် မထားဘဲ နားလည်မှု ယူဖို့လိုအပ်တယ်။ မြေဇာပင်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသခံတွေရဲ့ မျက်နှာကို ငဲ့ကြည့်သောအားဖြင့် တာဝန်ရှိသူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးအမြန် ဆုံးရအောင် ဆောင်ရွက်ပေးစေချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဝန်းကျင်ခေတ်ကာလတစ်ခုမှာ ကချင်ပြည်နယ်ဟာ ငြိမ်းချမ်းတဲ့အနေအထားတစ်ခု ဖြစ်တည် ရှိခဲ့ပါတယ်။ တစ်ချိန်က ငြိမ်းချမ်းခဲ့တဲ့ ကချင်ပြည်နယ်က ငြိမ်းချမ်း ရေးရဲ့ အနှစ်သာရကိုလည်း ထုတ်ဖော်ပြောပြရာမှာတော့ …

“အညိုရောင်နယ်မြေဖြစ်သွားတယ်ဆိုတာကတော့ အရင်တုန်း ကလည်း မလွယ်ဘူး ခုလည်းမလွယ်ပါဘူး။ အရင်တုန်းကဆိုရင် အန်တီတို့ မြစ်ဆုံလည်း မသွားရဲဘူး။ တိုက်တာခိုက်တာတွေလည်းရှိတော့ မသွားရဲ ကြဘူး။ အဲ့ဒီတုန်းကတော့ တအားသွားချင်တယ်။ ငြိမ်းချမ်းတာကတော့ ၁၉၉၄ ခုနှစ်လောက်ကထင်တယ်။ အဲဒီတုန်းက ကချင်ပြည်နယ် မဂ္ဂဇင်း က အန်တီ့ကိုလာပြီးတော့ အင်တာဗျူးလုပ်တယ်။ ငြိမ်းချမ်းရေး အရသာ ဘယ်လိုလဲလို့မေးတယ်။ ငြိမ်းချမ်းရေးအရသာ ဘယ်လိုခံစားလို့ ကောင်းမှန်း မသိဘူး။ မြစ်ဆုံသွားတယ်၊ ပစ်မယ့်သူ၊ ဖမ်းမယ့်သူ ဘယ်သူမှမရှိဘူးလေ။ စိတ်အေးလက်အေးပဲ မှောင်ကာမှ အိမ်ပြန်လာရတယ်။ အဲဒီမှာ ငြိမ်းချမ်းရေး အရသာကို တကယ်ခံစားရပါတယ်။ ဒေသခံတွေ အားလုံးကိုလည်း ငြိမ်းချမ်းရေးအရသာ ခံစားစေချင်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးကြပါ” လို့ L ခွန်းရီက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here