ဖခင်ဖြစ်သူ လူရွှင်တော်ကြီ ဦးမန်းဝင်းရဲ့ ကျန်းမာရေး အခြေအနေကိုပြောပြတဲ့ ဟေမာန်မန်းဝင်း

0
292

ဟေမာန်မန်းဝင်းက အခုနှစ် သင်္ကြန်မှာတော့ မမများအဖွဲ့နဲ့အတူ နယ်ဘက်တွေကို သွားရောက်ကပြ ဖျော်ဖြေဖို့အတွက် မမများ အဖွဲ့နဲ့ အတူ အကအလှတိုက်ခြင်းတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဟေမာန်မန်း ဝင်းက မမများအဖွဲ့ကို ဝင်ရောက်ခဲ့တာ ၄ နှစ်တာ ကာလရှိပြီဖြစ်ပြီး သူ ကတော့ အကနဲ့ ဟာသကို ရောယှက်ဖျော်ဖြေတာဖြစ်တယ်လို့ ဆိုပါ တယ်။ ဖခင်ဖြစ်သူ နာမည်ကျော် လူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေဟာ သိပ်အကောင်းကြီး ဟုတ်ပေမယ့် သူမကတော့ စင်ပေါ်ရောက်ကပြ၊ ပရိသတ် ကိုဖျော်ဖြေပေးပြီဆိုတာနဲ့တက်ကြွပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းဖြစ်တာဟာ ဖခင်ဖြစ်သူရဲ့ ခွန်အားစကားတွေ ကြောင့်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

”အဖေကြီးက အမြဲမှာထားတယ်။ သင်ပေးထားတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အနုပညာသမား မှန်လို့ရှိရင် ဘယ်လိုအခြေအနေမျိုးတွေ နဲ့ပဲ ကြုံဆုံနေရပါစေ။ ဘာတွေပဲဖြစ်ပျက်နေခဲ့ပါစေ။ ယုတ်စွအဆုံး အဖေ ကြီးက နင်ကပြဖျော်ဖြေနေတုန်း ငါသေခဲ့မယ် ဆိုရင်တောင်မှ စင်ပေါ် မှာ ကပြနေရမှာပဲ သမီးတဲ့။ အဲ့ဒီလိုမျိုး အမြဲဆုံးမ သင်ကြားပေးထားခဲ့ တယ်။ အဲ့ဒါကြောင့်စိတ်ထိခိုက်မှုတွေ ဘယ်လောက်ပဲများများ စင်ပေါ် ရောက်ပြီး ဆိုတာနဲ့ တစ်ပတ်မညှိုးတဲ့ နတ်ဒိုးရုပ်ပဲ။ သမီးကတော့ အဖေက ကျောက်ကပ် အမြဲဆေးနေရတဲ့သူဆို တော့ အပြင်ရောက်ပြီဆိုရင် အဖေ အတွက် အတွေးတွေကတော့ရှိတယ် ကိုယ်မပါဘဲနဲ့ ဆေးရုံတွေ သွားတဲ့ အခါ အဆင်ပြေပါ့မလား။ ဟိုစိုးရိမ် ဒီစိုးရိမ်စိတ်တွေတော့ ရှိတယ်။ ဒါပေ မဲ့ အဲ့ဒီကိစ္စတွေကို အိမ်ရောက်မှ ဆက်လုပ်တယ်။ ကိုယ့်ရဲ့အနုပညာ ကိစ္စလုပ်တော့မယ်ဆိုရင် အလိုလို နေရင်း အဲ့ဒီစိတ်တွေကို ဖျောက်ပြီး တော့ ပျော်သွားပြန်ရော” လို့ ဟေမာန်မန်းဝင်းက ပြောပြပေးပါတယ်။

အခုအချိန်မှာတော့ ဟာသလူ ရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ ကျန်းမာ ရေး အခြေအနေဟာ အရင်ကထက် ကျန်းမာကောင်းမွန်လာနေပြီလို့ လည်း သူမက ဆက်လက်ပြောပြပါတယ်။

”အခုဆိုရင် အဖေကြီးရဲ့ ကျန်း မာရေးက ပြန်ကောင်းလာနေပါပြီ။ ကျောက်ကပ်ဆေးရတာတော့ တစ် နှစ်နဲ့ ခြောက်လရှိနေပါပြီ။ တစ်လော တုန်းကဆိုရင် အဖေကြီးရဲ့ ကျန်းမာ ရေးအတော်ကို ဆိုးဝါးသွားတာ။ အဆုတ်ထဲရေဝင်သွားလို့ အမော ဖောက်သွားတုန်းကဆိုရင် အဖေကြီး ကို စွန့်လွှတ်လိုက်ရတော့မယ်။ လက် လွှတ်ရတော့မယ်လို့ ထင်ခဲ့ကြတာ။ တအားကို အခြေအနေက ဆိုးဝါးခဲ့ တဲ့နေ့ရက်တွေပါပဲ။ အခုတော့ အခြေအနေပြန်ကောင်းနေပြီ။ ရပ်ကွက်ထဲက အောက်ဆီဂျင်ဘူးကို တော့ နှစ်ဘူးယူထားရတယ်။ အခု အချိန်အထိတော့ ညစဉ်တိုင်းမှာ အဖေကြီးက အောက်ဆီဂျင်ရှူပေး ရပါတယ်။ ကျောက်ကပ်ထဲ ရေဝင် ထားတာဖြစ်တဲ့အတွက် ပုံမှန်အောက် ဆီဂျင်ရှူပေးနေရပါတယ်။ အခုတော့ အဖေကြီးအတော်လေးကို သက်သာ နေပြီ”လို့ ဟေမာန်မန်းဝင်းက ပြော ပြပါတယ်။

ဟေမာန်မန်းဝင်းမှာ မွေးချင်းမောင်နှမ ငါးဦးရှိတဲ့အနက် အဖေရဲ့ ဟာသအမွေတွေကိုတော့ သူမ တစ်ဦးတည်းကသာ ရရှိခဲ့တာဖြစ်တယ်။ သူမရဲ့ မိခင်ကတော့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ မောင်နှမ ၄ ယောက်ကတော့ အသီးသီး ဘွဲ့တွေ ရယူနိုင်ခဲ့ကြပေမယ့် ပညာရေးအပိုင်းမှာ အားစိုက်မှုနည်းခဲ့တဲ့ ဟေမာန်မန်းဝင်းဟာ အခုထိ ဆယ်တန်းမအောင်မြင်ခဲ့ဘဲ ဖခင်ဖြစ်သူရဲ့ နောက်ကိုလိုက်ပါရင်း ဟာသသရုပ်ဆောင် အတတ်ပညာ ပညာအမွေ တွေကို ဆက်ခံနိုင်ခဲ့တဲ့တစ်ဦးတည်းသော သမီးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

”သမီးကလည်း ပညာရေးပိုင်းကို သိပ်စိတ်မဝင်စားဘူး။ အဖေ့လိုပဲ အနုပညာသမားဖြစ်ချင်တာ။ အနုပညာကိုပဲ လုပ်ချင်ခဲ့တာဖြစ်တယ်။ ဟာသ ဆိုရင်တော့ ပြောမနေနဲ့တော့ တအားကို ဝါသနာပါခဲ့တယ်။ ပြော ရရင် သမီးအခုအဖေကြီးပေးခဲ့တဲ့ အနုပညာအမွေတွေနဲ့ ကိုယ့်ထမင်း အိုး ကိုယ်တည်နိုင်ခဲ့ပါပြီ။ အခုဆိုရင် အဖေကြီး သင်ပေးခဲ့တဲ့ ဟာသတွေနဲ့ သမီးဟာ စင်ပေါ်မှာ ပရိသတ်လက်ခံတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုး စားနေပါပြီ” လို့ ဟေမာန်မန်းဝင်းက ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here