လူကိုနှိမ်ချင်နှိမ်လို့ရပေမယ့် အနုပညာကိုတော့ မနှိမ်ပါနဲ့လို့ ပြောလာတဲ့ ဆိုတေး

0
184

‘မီးအိမ်ရှင်’သီချင်းနဲ့ နာမည်ရ လာခဲ့တဲ့အဆိုတော် ဆိုတေးက ကားအက်စီးဒင့်ဖြစ်ပြီး နောက် ပိုင်းမှာတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ ကျန်းမာလာချင်းချင်းမှာပဲ သီချင်း တွေ ပြန်လည်သီဆိုခဲ့ပြီး ပရိ သတ်တွေနဲ့ ထိတွေ့မှုရအောင် ပြန်လည်ကြိုးစားခဲ့ပါတယ်။ သီချင်း တွေပြန်လည်သီဆိုပြီး အနုပညာလောကထဲမှာ ပြန်လည်ရပ်တည်ဖို့ ကြိုးစား နေတဲ့အခါမှာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ သင်္ကြန်မှာသီချင်းမဆိုရတာ ၂ နှစ်နီးပါးရှိခဲ့ပြီဖြစ်ကြောင်း လည်းသိရပါတယ်။

”ကျွန်တော်အနုပညာလောကမှာ ရပ်တည်လာတာ ၈ နှစ်နီးပါးရှိတော့မယ်။ ဆုတွေလည်းရခဲ့တယ်။ အားလုံးပေါင်း ဆယ်ဆုလောက် ရှိမယ်။ ကိုယ်တိုင်ရေးတယ်။ ကိုယ်တိုင်ဆိုတယ်။ ပရိသတ်တွေလည်း အများ ကြီးရှိတယ်။ အခုထိလည်း အားပေးနေဆဲ ချစ်ရတဲ့အမာခံ ပရိသတ်တွေရှိတယ်။ ကျွန်တော် ၂ဝ၁၃ ခုနှစ်မှာ ကားအက်စီးဒင့် ဖြစ်တယ်။ မကြာဘူးသီချင်းပြန်ဆို တယ်။ ပရိသတ်တွေကလည်း အားပေးနေဆဲပဲ။ အဲဒီနောက်မှ ဆု ၂ ဆုတောင် ထပ်ရသေးတယ်။ ဒါပေမဲ့ တချို့လူတွေက ကိုယ်ချင်းစာတယ်။ တချို့က တအားနှိမ်တာပဲ။ ကိုယ့်အပေါ်ကောင်းမယ်လို့ ထင်ရတဲ့သူတွေက ကိုယ့်ကို မျက်နှာလွှဲသွားတာလည်း ကြုံရတယ်။ ကိုယ်နဲ့ အရင်ကမသိခဲ့ပေမယ့် ကိုယ့်ရဲ့ ဘဝကို ကိုယ်ချင်းစာပြီး တအားကောင်းတဲ့သူတွေလည်းရှိတယ်။ လူအမျိုးမျိုး ပေါ့လေ။ ကျွန်တော့်ကိုသီချင်းမဆိုနိုင်တော့ပါဘူး။သူကသုံးမရတော့ပါဘူး ဆိုပြီးပြောတဲ့ အသံတွေလည်းကြားနေရတယ်။ ကျွန်တော်က မိသားစုကို ရှာကျွေးနေတာပါ။ ကျွန်တော့်အရိပ်အောက်မှာ ကျွန်တော့်ကိုမှီခိုအားထား နေတဲ့သူတွေကို စိတ်မညစ်စေချင်ဘူး။ ဒါကြောင့် ကျွန်တော့်ကိုချစ်တဲ့ခင်တဲ့ သူတွေအတွက် အမြဲကြိုးစားနေတာ။ တစ်ခါတလေကျတော့လည်း အလုပ် လုပ်ရတာ အားပြတ်မိတယ်။ လူကိုနှိမ်ချင်နှိမ်လို့ ရတယ်လေ။ အနုပညာကိုတော့ မနှိမ်ကြပါနဲ့ဗျာ။ လွယ်လွယ်လေး ရခဲ့တဲ့နေရာမဟုတ်ပါဘူး။ နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်တိုက်သလိုပဲ။ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာပါ။ အဆိုတော်တစ် ယောက်အတွက် သင်္ကြန်မဏ္ဍပ်ရဖို့ကအရေးကြီးတယ်လေ။ ယုံချင်မှလည်း ယုံကြ လိမ့်မယ်။ ဆိုတေးမဏ္ဍပ်မရတာ ၂ နှစ်ရှိပြီ။ ဒီနှစ်လည်း ဘာမှန်းမသိသေးဘူး။ စိတ်ထဲမကောင်းလွန်းလို့ပါ။ ဒါပေမဲ့ အားတင်းထားပါတယ်။ ကိုယ့်ကို ချစ်နေ သေးတဲ့ သူတွေအတွက်၊ ကိုယ့်ကို ချစ်နေအားပေးနေတဲ့သူတွေရှိနေသရွေ့တော့ ကြိုးစားနေမှာပါ” လို့ ဆိုတေးက ရင်ဖွင့်စကားပြောကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here