ပထမဆုံးရုပ်ရှင် ဇာတ်ကားမှာ လိုအပ်ချက် တွေအများကြီးရှိခဲ့ပါတယ်အဆို တော် ဇွဲပြည့်

0
167

အဆိုတော် ဇွဲပြည့်ကတော့ မကြာမီမှာ ရုံတင်ပြသတော့မယ် ‘သရဲဆိုတာ ချို(ဂျို)နဲ့ လားဟေ့’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ အိအိခိုင် ရိုက်ကူးခဲ့ပြီး ရန်အောင်၊ မင်းမော်ကွန်း၊ မို့မို့မြင့်အောင်၊ ယမင်းမေဦးစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမ ဆုံး ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အကြောင်းအရာတချို့ကိုလည်း ဇွဲပြည့်က ခုလိုပြောပြ ခဲ့ပါတယ်။

“သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်က တောင်ပေါ်ဒေသက မြို့ ခံတစ်ယောက်အနေနဲ့ပါဝင်ထားပါတယ်။ ကိုရန်လေးတို့က အဲ့ဒီမြို့မှာ လာနေကြတယ်။ ကိုမင်း မော်ကွန်းသေပြီးတော့ အဲ့ဒီမှာ သရဲခြောက်တယ်။ သရဲကားဆိုပေမယ့် ကြောက်တယ်ဆိုပြီး လာမကြည့်ဘဲမနေပါနဲ့။ သရဲဟာသကားလေးပါ။ ထင်မထားတဲ့ ပုံစံမျိုးလေးရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရိုက်ကူးတာကတော့ အမှတ်တရတွေအများကြီးပါပဲ။ ကင်မရာကြောက်တတ်တဲ့ အတွက်လည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ တအားလည်း ပျော်ဖို့ကောင်းပါတယ်။ အဆင်ပြေအောင်လည်းကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ လိုအပ်တာတွေတော့ အများ ကြီးရှိသေးပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် သူတို့ဆီက ပညာတွေ သင်ယူခဲ့ရကြောင်းကိုလည်း အဆိုတော်ဇွဲပြည့်က …

“ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေလည်းပါတယ်။ သူတို့ဆီကလည်း သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်ပြီး အများကြီးသင်ယူခဲ့ရပါတယ်။ အဲ့ဒီထဲမှာမှ မှတ်မှတ်ရရ ကိုရန်လေးပြောတဲ့ စကားတစ်ခွန်းရှိတယ်။ သရုပ်ဆောင်လုပ်မယ်ဆိုရင် ကားမောင်းတာနဲ့အတူတူပဲတဲ့။ အစပိုင်းတော့ ကားမောင်းရင်ရှေ့ပဲကြည့်နေတယ်။ ဘယ်မှလည်းမကြည့်ရဲဘူး။ နောက်ပိုင်း မောင်းတတ်သွားမှ စကားလည်းပြောရဲတယ်။ ဘေးလည်းကြည့်ရဲတယ်။ သရုပ်ဆောင်လုပ်တာလည်း အဲ့ဒီလိုပါပဲ၊ လုပ်တာများရင် တဖြည်းဖြည်းနဲ့ အကျွမ်းဝင်လာမယ်ထင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

သတင်း ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here