ညီမဖြစ်သူ အိအိချွန်က စီနီယာမို့လို့ နာမည်တပ်ရင် ရှေ့ကတပ်ဖြစ်တာပါလို့ ဆိုတဲ့ အိအိမွန်

0
226

အစ်မဖြစ်သူကလည်း ညီမဖြစ်သူကို ချစ်ခင်တယ်။ ကြင်နာတယ်။ ညီမ ဖြစ်သူကလည်း အစ်မကို အားကိုးတယ်။ လေးစားတယ်။ ကဲ…ဘာလို သေးလဲ။ ကြည့်ရတဲ့ပရိသတ်လည်း စိတ်ချမ်းမြေ့တယ်။ သူတို့လည်း အလုပ် လုပ်ရတာ အဆင်ပြေတယ်။ ဒါနဲ့ အိအိမွန်ကို မေးဖြစ်တာက အပြင်မှာ ညီအစ်မ နှစ်ယောက်သွားရင် ဘယ်သူက အိအိချွန်၊ ဘယ်သူက အိအိမွန်ဆိုပြီး မခွဲခြားတတ်တာမျိုး ကြုံဖူးလားလို့မေးတော့ …

“ရှိတယ်(ရယ်လျက်)။ ဘယ်သူ အကြီး၊ ဘယ်သူအငယ်မှန်း အခုထိ မခွဲတတ်သေးတဲ့သူတွေရှိတယ်။ ချွန်လေး (အိအိချွန်)ကို အကြီးလို့ ထင်ကြတယ်။ ကိုယ်က အားနာတယ်။ အမှန်က အိအိ မွန်က အကြီးပါ။ ချွန်လေးထက် ၂ နှစ်ခွဲကြီးတာပေါ့နော်။ ဖြစ်ချင် တော့ အခွေထဲမှာ အိအိချွန်ဆိုပြီး အရင်ဆုံးတပ်တာကိုး။ ဘာဖြစ်လို့ အရင်ဆုံးတပ်တာလဲဆိုတော့ ချွန်လေးက ပိုပြီးသမ္ဘာကျတယ်။ အဆိုမှာ သူကတစ်ကိုယ်တော်အခွေ အရင်ထွက်လိုက်တယ်။ ကိုယ်က နောက်မှ ဆိုတဲ့အတွက် သူ့ကို နေရာအရင်ပေးလိုက်တာပါ။ လူတွေက အိအိချွန်က အကြီးမို့လို့ နာမည်ကို ရှေ့မှာ ရေးတာလားမေးကြတယ်။ အမှန်က အိအိချွန်က အငယ်ပါ။ အိအိမွန်က အကြီးပါ။ အိအိချွန်က အငယ်ဆိုပေမယ့် စီနီယာဖြစ် တဲ့အတွက် နာမည်လေးရှေ့ကတပ်တာပါ” လို့ အိအိမွန်က ရှင်းပြပါတယ်။

ငယ်စဉ်ကတည်းက ဆို၊က၊ရေး၊ တီးပြိုင်ရင်း အနုပညာလောကနဲ့ မစိမ်းခဲ့တဲ့ အိအိချွန်၊ အိအိမွန် ညီအစ်မနှစ်ယောက်ရဲ့ အနုပညာလမ်း ခရီးအကြောင်းကိုလည်း အစ်မကြီးဖြစ်တဲ့ အိအိမွန်က အခုလိုရှင်းပြ ပါတယ်။

“၂ဝဝ၅ -၂ဝဝ၆ ခုနှစ် လောက်က စမယ်။ အခု ၂ဝ၁၈ ခုနှစ်ဆိုတော့ တော်တော် ကြာပြီပေါ့နော်။ အဲဒီကြားထဲမှာ ချွန်လေးရဲ့ တစ်ကိုယ်တော်အခွေ ‘လှည်းယာဉ်တော်’ ထွက်တယ်။ ‘ဦးလေးကြီး’ထွက်တယ်။ ဦးလေးကြီးထဲမှာ မွန်က မန္တလာသူဆိုတဲ့ သီချင်း သီဆိုတယ်။ မွန့်ရဲ့ အနုပညာအစလို့ ပြောလို့ရတာပေါ့။ နောက်ပိုင်းမှာ ညီအစ်မ နှစ်ယောက်ပေါင်းပြီး ‘ပင်တိုင်စံ’ဆိုတဲ့ စီးရီးလေးထွက် လိုက်တယ်။ အဲဒါလည်းပြီးရော ချွန်လေးက သူငယ်ချင်းတို့ မင်္ဂလာပွဲဆိုပြီးတော့ ကိုဗညားဟန်၊ ကိုဖိုးသောကြာတို့နဲ့ မင်္ဂလာတေးခွေ ထွက်လိုက်သေးတယ်။နောက်ပြီး တော့ ညီအစ်မ နှစ်ယောက်ပေါင်းပြီး ‘မြင့်မိုရ်ဖေဖေ’ ဆိုတဲ့ တေးစီးရီးရယ်၊ ‘အပျိုတော် ဂမ္ဘီရ’ ဆိုတဲ့ တေးစီးရီးရယ် ထွက်ထားတယ်။ ဆက်ပြီးတော့လည်း အိအိချွန်၊ အိအိမွန် ညီအစ်မနှစ်ယောက်ရဲ့ မြန်မာသံတွေထွက်ဖို့လည်း အစီအစဉ်ရှိပါတယ်”လို့ အိအိမွန် က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here