နှင်းဆီအဖွဲ့သားများနဲ့ ရိုက်ကူးထားတဲ့ Rose Rider ရုပ်ရှင် အမြန်ဆုံးရုံတင်ပြသနိုင်ဖို့ ပြင်ဆင်နေတယ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

0
288

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပုံဖော်ထားတဲ့’Rose Rider’ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနှစ်ထဲအတွင်း အမြန်ဆုံးရုံတင်ပြသနိုင်အောင် ပြင်ဆင်နေပါတယ်။ ဒီ ဇာတ်ကားကဆိုရင် နှင်းဆီအဖွဲ့သားများဖြစ်ကြတဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ မင်းသမီးအသစ်ဇွန်လေးဖြူတို့နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကဆိုရင် ရုပ်ရှင်ကြည့်ပရိသတ်တွေအနေနဲ့ ထူးခြားဆန်းသစ်တဲ့ ရိုက်ကူးတင်ဆက်မှုပုံစံကို မြင်တွေ့ရမှာဖြစ်ပြီး ဒီနှစ်ထဲမှာ အမြန်ဆုံး ရုံတင်ပြသနိုင်အောင် ကြိုးစားနေကြောင်းကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က “တည်းဖြတ် တာတွေတော့ လုပ်နေတယ်။ ဒါလုပ်ပြီးတာနဲ့ မပြီးသေးဘူးလေ။ တခြားလုပ်စရာတွေက အများကြီး လုပ်ရဦးမယ်။ တချို့ဟာတွေက နိုင်ငံခြားပို့ရမှာတွေရှိတယ်။

လောလောဆယ်တော့ ထိုင်းကို ပို့ထားပါတယ်။ ဦးမျိုးတို့လည်း မြန်မြန်ပြီး ရင် မြန်မြန်ရုံတင် ပြသချင်ပါပြီ။ မျှော်လည်း မျှော်နေကြပြီ။ ရုံကလူတွေလည်း တောင်းနေကြပြီ။ ပရိသတ်တွေလည်း မျှော်နေ ကြပြီပေါ့။ ပရိသတ်ကိုလည်း ချပြနေချင်ပြီ။ ဒါပေမဲ့ ဇာတ်ကားက ဘယ်လောက်ကြာဦးမလဲမသိဘူး။ ကိုယ်စိတ်တိုင်းကျမှလည်း ပရိသတ်ကို ချပြချင်တယ်။ အဲဒီလိုဆိုတော့ ကိုယ်ကိုယ်တိုင်ကြိုက်ရအောင်တော့ အရင် လုပ်နေတယ်။ ဒီနှစ်ထဲမှာတော့ အမြန်ဆုံးရုံတင်ပြသနိုင်အောင်ကြိုးစားနေတယ်ပေါ့နော်” လို့ ပြောပါတယ်။

နှင်းဆီတစ်ဖွဲ့လုံးရဲ့ အင်အား တွေနဲ့ အကောင်းဆုံးရိုက်ကူးထားတာဖြစ်သလို ကြည့်ရှုမယ့် ပရိသတ်တွေ အတွက် စိတ်ကျေနပ်စေနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ကြောင်းကိုလည်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က…

“ဒီဇာတ်ကားက ဦးမျိုးတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ နှင်းဆီ တစ်ဖွဲ့လုံးနဲ့အတူ အားလုံးက ကိုယ့်တာဝန်အကောင်းဆုံးကျေပွန်အောင် လုပ်ခဲ့ကြတယ်။ ပရိသတ်အတွက် အသစ်အဆန်းဖြစ်စေမယ့် ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ အကုန်လုံးကြိုးစားထားတယ်။ နှင်းဆီတစ်ဖွဲ့ လုံးရဲ့ အင်အားတွေနဲ့ ကြိုးစားထားတာပါ။ အဲဒီအတွက်ကြောင့် ကြည့်ရရင် ထူးထူးခြားခြားလေး ကြည့်ရမှာ ဖြစ်ပြီး ပရိသတ်တွေ စိတ်ကျေနပ်စေမယ့် ဇာတ်ကားလေးဖြစ်မှာ ယုံကြည်ပါတယ်”လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here