သရုပ်ဆောင်သစ်တွေ ပေါ်ပေါက်လာတာ ကောင်းတာတွေလည်း ရှိသလို၊ဆိုးတာတွေလည်းရှိတယ် အကယ်ဒမီ မြင့်မြင့်ခိုင်

0
374

ပရိသတ်များနဲ့ ဝေးကွာနေတဲ့ အကယ်ဒမီမြင့်မြင့်ခိုင်က လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားလေးတွေမှာ ပါဝင် ရိုက်ကူးဖြစ်နေပြီး ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ သရုပ်ဆောင်သင်တန်းအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ သရုပ်ဆောင်သင်တန်းအကြောင်းနဲ့ပတ်သက်ပြီး အန်တီမြင့်မြင့်ခိုင်က…

“အန်တီ သရုပ်ဆောင်သင်တန်းကြောင်းလေးကတော့ ဖွင့်လှစ်ထားတာကြာပါပြီ။ သင်တန်းကျောင်းကလည်း သရုပ်ဆောင်အသစ်လေးတွေ မွေးထုတ်ပေးပါတယ်။ အခုလက်ရှိမှာလည်း အန်တီ့သင်တန်းကျောင်းကနေပြီးတော့ အောင်မြင်သွားတဲ့ သရုပ်ဆောင်လေးတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ အန်တီဒီလိုမျိုး သရုပ်ဆောင်သင်တန်းဖွင့်လှစ်တဲ့ ရည်ရွယ်ချက်က ကိုယ်တွေငယ်ငယ်တုန်းက ဒီလိုသင်တန်းမျိုးဆိုတာ ရှားတယ်လေ။ ကိုယ့်ဘာသာကိုယ် လေ့လာနေရတာ တွေအများကြီးပဲ။ အခက်အခဲတွေလည်း အများကြီးရှိတယ်။ သူတို့ခေတ်ရောက်တော့ သူတို့လေးတွေက ကံကောင်း ကြတယ်။ ဒီလိုသရုပ်ဆောင်သင်တန်းတွေ အများကြီးပေါ်လာတော့ သူတို့အတွက် အဆင်ပြေတယ်။ အန်တီ ကလည်း ကိုယ့်ရဲ့အနုပညာသက်တမ်းအနှစ် ၄ဝ လောက်ရှိတဲ့ အတွေ့အကြုံတွေ၊ ပညာတွေကို သူတို့ အတွက် ပြန် share ပေးတယ်။ အနုပညာလောကက ဘယ်လိုကျင်လည်ရမယ်ဆိုတာတွေ၊ ပြောရရင်တော့ ကိုယ်က အနုပညာကို စိတ်ဝင်စားတဲ့အတွက် အနုပညာနဲ့ ပတ်သက်ပြီး သိထားရမယ့် အကြောင်းတွေကို အကုန်လုံးကို သင်ကြားပေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်အသစ်တွေ အများကြီး ပေါ်ပေါက်လာတဲ့ နောက်ပိုင်းမှာ ကိုယ်ကလည်း သရုပ် ဆောင်သင်တန်းဖွင့်ထားတဲ့အတွက် သရုပ်ဆောင်သစ်တွေ ပေါ်ပေါက် လာတာကောင်းလားလို့ မေးကြည့်တဲ့အခါမှာတော့ အန်တီမြင့်မြင့်ခိုင် က . . .

“သရုပ်ဆောင်အသစ်တွေ ပေါ်ပေါက်လာတာ ကောင်းတာလည်းရှိသလို၊ ဆိုးတာ လည်းရှိပါတယ်။ အဓိက ကတော့ သရုပ်ဆောင်အလုပ်ဆိုတာ စိတ်ဝင်စားမှုပဲ။ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းတွေကောင်းရမယ်။ စိတ်ကူးတွေက အမြဲတမ်းသစ်လွင် နေရမယ်။ အဲဒါမျိုးလေးတွေရှိနေရင်တော့ သရုပ်ဆောင်အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ဒီအနုပညာလောကထဲမှာ ရှင်သန်နေမှာပဲ။ ဒါပေမဲ့ အခုခေတ် ကလေးတွေကို အန်တီပြောချင်တာကတော့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ကိုယ်ဖြစ်ချင်တာနဲ့ တစ်ထပ်တည်းကျရဲ့လားလို့ စဉ်းစားပြီးတော့လုပ်ပါ။ ဒါပေမဲ့ စိတ်တွေက သာ ဟိုဟာဖြစ်ချင်တယ်။ ဒီဟာဖြစ်ချင်တယ်ပြောနေပေမယ့် တကယ် မကြိုးစားရင် ဘာမှမဖြစ်ပါဘူး။ ကြိုးစားပြီးတော့လည်း ငါကအောင်မြင် နေပြီဆိုပြီး အောက်ခြေလွတ်သွားရင်တော့ ကျရှုံးမှာပဲ။ အဲဒီအတွက် ကိုယ်ကအောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အလုပ်ပေါ်မှာ တန်ဖိုးရှိရှိ ဆက်ဆံပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here