Idiots အဖွဲ့အနေနဲ့ သူတို့ Band နဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖျော်ဖြေရေးလုပ်လေ့ရှိပါတယ်။ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ဒီလိုဖျော်ဖြေ ရေးမှုက တစ်မျိုးထူးခြားနေတယ်လို Idiotsအဖွဲ့ရဲ့Vocalist ဖြစ်တဲ့ ရေမွန်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၂ရက်နေ့ကတင် ရန်ကုန်မြို့၊ အင်ယားကန်ဘောင် (တံတားဖြူ)မှာ Idiots အဖွဲ့ရဲ့ Busking ဖျော်ဖြေပွဲပြုလုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရေမွန်က…..
“ကျွန်တော်တို့ အရင်ကလည်း တီးတော့ တီးဖူးပါတယ်။ ကျွန်တော်တို့ ခေတ်သစ်ကျောက် အယ်ဘမ်ထွက်တုန်းက အဲဒီလိုမျိုးလှည့်ပြီးတော့ Busking လိုက်လုပ်ဖြစ်တယ်။ တီးဖြစ်တယ်။ ပရိသတ်နဲ့ ကျွန်တော်တို့ကြားထဲမှာ ဘာမှ မရှိဘူးပေါ့။ နီးနီးကပ်ကပ်နဲ့ အတူတူဆိုနေရတာဆိုတော့ အဆင်ပြေပါတယ်” လို့ ရေမွန်ကပြောပါတယ်။ နောက်ထပ်ကော အဲဒီလို Busking ဖျော်ဖြေပွဲတွေ ရှိဦးမလားလို့ ရေမွန်ကိုမေးတဲ့အခါ…..
“အဲဒါတော့ မပြောတတ်သေးပါဘူး” လို့ သူကဆိုပါတယ်။ Idiotsအဖွဲ့ ဆိုတာ ပရိသတ်အခိုင်အမာရှိတဲ့ Rock Band တစ်ဖွဲ့ဖြစ်ပါတယ်။ Idiots Fan တွေအကြောင်းကိုလည်း ရေမွန်က…..
“ဘယ်လိုနေရာမျိုးမှာပဲ ဖျော်ဖြေ၊ ဖျော်ဖြေ ရောက်လာတဲ့ပရိသတ်တွေရှိ ပါတယ်။ သူတို့ကိုလည်း အထူးကျေးဇူးတင်တယ်ပေါ့နော်။ ပြီးတော့ ကျွန်တော် တို့ သီချင်းကို တစ်စွန်းတစကြားလို့ပဲဖြစ်ဖြစ် အခုချိန်ထိနားထောင်ပေးကြတဲ့ ဘော်ဒါတွေအားလုံးကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကတော့ တတ်နိုင်သလောက် ပရိသတ်နဲ့ သဟဇာတဖြစ်အောင်နဲ့ ကျွန်တော်တို့ လုပ်ချင်တဲ့ မြူးဇစ်ကိုလည်း မျှအောင် တောက်လျှောက်လုပ်သွားမှာပါ” လို့ ပြောပြပါတယ်။ ဆက်လက်ပြီးIdiots အဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ရေမွန်က ပရိသတ်တွေကို ကတိတစ်ခုပေးခဲ့ပါသေးတယ်။ အဲဒါက
“Music Video လေးတွေလုပ်တာ ဖြတ်ပြီးတော့ ကျွန်တော်တို့ ပထမ အခွေဆိုရင်လည်း ဒီဇိုင်းဆွဲနေပြီပေါ့နော်။ အဲဒါ ကျွန်တော်တို့ ထွက်လို့ရတာကြာ ပါပြီ။ ဒါပေမဲ့ အခက်အခဲအမျိုး မျိုးကြောင့် မထွက်ဖြစ်သေးတာ ပါ။ ‘လူအဂီတ’ ကိုရော၊ ‘ခေတ် သစ်ကျောက်’ ကိုရောMusic Video အဖြစ် ကျွန်တော်တို့ ဒီနှစ်ထဲမှာ အပြီးထွက်နိုင်ဖို့ လုပ်သွားပါမယ်” လို့ ရေမွန်က ပြောပြခဲ့ပါတယ်။
မျိုးမောင်